ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့နောက် ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူရန် ပြောင်းလဲ ကြိုးစားနေကြောင်း စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ် ၊ တော်မီနေး စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ယခု နွေဈေးကွက် အတွင်းမှာ ဖရက်ဒ် ၊ ဗန်ဒီဘိခ် ၊ တော်မီနေး စတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ထားတာကြောင့် ကွင်းလယ်လူသစ် ၂ဦး ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ မေဆန်မောင့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးဘက်က သူတို့အသင်းရဲ့ ကမ်းလှမ်းမှု ၃ကြိမ်စလုံးကို ပယ်ချခဲ့သလို မေဆန်မောင့်အတွက် ပေါင် ၆၅သန်း အထိ တောင်းဆိုနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်ကို မခေါ်တော့ပဲ ချယ်လ်ဆီးပစ်မှတ် ဖြစ်တဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားလာတာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန် ရှယ်ဒွန်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကိုင်စီဒိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံကာ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ကိုင်စီဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုတွေကို ယှဉ်ကြည့်ကာ ဘယ်အသင်းဆီ ပြောင်းမလဲ ဆိုတာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

Photo Credit: Mirror

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုက အီကွေဒေါကလပ် အင်ဒီပန်းဒီးယန့် ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဘရိုက်တန် အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘရိုက်တန်က ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။

ကိုင်စီဒိုက အင်ဒီပန်းဒီးယန့်မှာ ကစားနေစဉ်က အင်တာဗျူး တခုမှာ သူ့ရဲ့ အိမ်မက်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကိုင်စီဒိုဟာ ချယ်လ်ဆီးကို ငြင်းကာ သူတို့အသင်းဆီ ပြောင်းလာလိမ့်မယ်လို့ ယုံကြည်နေကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။