ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်မိခဲ့တာကြောင့် ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရတဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား မေဆန် ဂရင်းဝုဒ်ကို နောက်ထပ်တကြိမ် အခွင့်အရေး ပေးတဲ့ အနေနဲ့ အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို ဘောလုံးအရည်အသွေးနဲ့ ပါရမီလည်း မြင့်မားသူပါ။

Photo Credit: Reddit

ဒါပေမယ့် ဂရင်းဝုဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ သူ့ဘဝရဲ့ အကြီးမားဆုံး အမှားတခု အဖြစ် အတူနေချစ်သူ ဟာရီ ရော့ဘ်ဆန်အပေါ် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်မိခဲ့ပြီး အဆိုပါ အပြစ်ကြောင့်ပဲ မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ၁နှစ်ကျော်ကြာ စုံစမ်း စစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။

ဂရင်းဝုဒ် တယောက် အိမ်တွင်း အကြမ်းဖက်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို လုပ်ခလစာ ဆက်လက် ပေးချေခဲ့ပေမယ့် အသင်းရဲ့ လူစာရင်းထဲ ကနေ ဖယ်ရှားခဲ့သလို အမှုကို ဖြေရှင်းနိုင်မှပဲ အသင်းရဲ့ လူစာရင်းထဲ ပြန်လည် ထည့်သွင်းမယ်လို့ ရာဇသံ ပေးခဲ့ပါတယ်။

Photo Credit: Reddit

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာတော့ မန်ချက်စတာရဲတပ်ဖွဲ့က ဂရင်းဝုဒ်အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ပတ်သတ်ပြီး စုံစမ်း စစ်ဆေးမှုတွေကို ရပ်တန့်ခဲ့ပြီး လက်ရှိမှာတော့ ဂရင်းဝုဒ်က သူ ကျူးလွန်မိခဲ့တဲ့ အမှုတွေကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်လည် ပူးပေါင်းနိုင်ဖို့ တတ်အားသရွေ့ ကြိုးစား အားထုတ်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို ချက်ချင်းကြီး အသင်းရဲ့ လူစာရင်းထဲ ပြန်ထည့်ဦးမှာ မဟုတ်ပေမယ့် အသင်းရဲ့ အင်တာဗျူး အစီအစဉ်တွေမှာ ပါဝင်ခိုင်းကာ ပရိသတ်တွေနဲ့ ရင်းနှီးမှု ပြန်ရအောင် လုပ်ပေးဖို့ စီစဉ်ထားသလို ဂရင်းဝုဒ်ကို စိတ်ကျန်းမာရေး အသိပညာပေး အစီအစဉ်တွေ တက်ရောက်ခိုင်းထားပြီး လာမယ့်ရာသီမှာ ဂရင်းဝုဒ်ကို အသင်းရဲ့ လူစာရင်းထဲ ပြန်လည် ထည့်သွင်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။