မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ နီယွမ် အက်စ်စီအသင်းက ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်တာမီလန်ကနေ ယူနိုက်တက်အသင်းဆီကို ပေါင်(၄၇)သန်းနဲ့ ရောက်ရှိလာပြီး (၂)နှစ်အကြာမှာပဲ အိုနာနာရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။ ဒါပေမယ့် အိုနာနာဟာ ဆော်ဒီကလပ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်း (အခွန်ဆောင်ပြီး) လောက်အထိတောင် ရရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွယ် အိုနာနာဟာ မန်ယူနဲ့ စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးပေမယ့် ယူနိုက်တက်မှာရှိနေတဲ့ ကာလအတွင်း အမှားအယွင်းတချို့ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ အိုနာနာရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့်လည်း ယူနိုက်တက်က လာမယ့်နွေမှာ ဂိုးသမားသစ် ခေါ်ယူဖို့ပါ ချိန်ရွယ်နေပါတယ်။

အသင်းရဲ့ အရန်ဂိုးသမား ဘာယင်ဒါကလည်း ပွဲကစားခွင့်တွေ ပုံမှန်ရရှိနိုင်ဖို့အတွက် လာမယ့်နွေမှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အစီအစဉ်ရှိနေပြီး အိုနာနာကိုလည်း လက်ခံနိုင်လောက်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ အသင်းကနေ ရောင်းထုတ်သွားနိုင်ပါတယ်။

Photo Credit : Caught Offside

အမှားအယွင်းတွေ များပြီး လက်စွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ အိုနာနာကို ခေါ်ယူချင်မယ့် ကလပ်အသင်းက နည်းပါးနေပေမယ့်လည်း ဆော်ဒီကလပ်အသင်းတွေကတော့ သူတို့အသင်းရဲ့ နာမည်ကျော်ကြားမှုကို မြှင့်တင်ချင်တဲ့အတွက် အင်တာမီလန် အေဂျက်စ်တို့မှာ ကစားခဲ့ပြီး အခု ယူနိုက်တက်မှာ ပါဝင်နေတဲ့ အိုနာနာကို စိတ်ဝင်စားနေကြပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ Saudi Public Investment Fund) ရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ နီယွမ်အက်စ်စီအသင်းဟာ မန်စီးတီးကနေ ထွက်ခွာတော့မယ့် ကီဗင် ဒီဘရိုင်းကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ သူတို့အသင်းဟာ လိုင်ယွန်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဝက်စ်ဟမ်းနဲ့ ဘရန့်ဖို့ဒ် တောင်ပံကစားသမားဟောင်း ဆာအိဒ် ဘင်ရာမာရဲ့ အကူအညီနဲ့လည်း နှစ်ရာသီဆက်တိုက် တန်းတက်အောင်မြင်မှု ရရှိထားပါတယ်။