ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့က ၂၀၁၉ခုနှစ်မှာ ပီအက်စ်ဂျီကနေ ဂျူဗင်တပ်ထံ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၄နှစ်တာ ကာလအတွင်းမှာ ဂျူဗင်တပ်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ရာဘီယော့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံမှာ ၄၈ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရာဘီယော့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက် အတွင်းမှာလည်း ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး အဆိုပါအချိန်တုန်းက မန်ချက်စတာ ယူနိုက်တက်ဟာ ဂျူဗင်တပ်နဲ့ ရာဘီယော့အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပေမယ့် ရာဘီယော့မိခင်ရဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကြောင့် ရာဘီယော့ကို မခေါ်တော့ပဲ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကတ်စ်မဲရိုးကို ပြောင်းလဲ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာပဲ ရာဘီယော့ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ကာ ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ရာဘီယော့က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရာဘီယော့ကို တပတ် လုပ်ခလစာ ပေါင် ၁သိန်းနဲ့ ပေါင် ၁သိန်းခွဲကြား ပေးကာ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်ထားပြီး ရာဘီယော့ရဲ့ မိခင်ကတော့ သူ့သားအတွက် လက်မှတ်ထိုးကြေး ပေါင် ၅သန်း ဝန်းကျင် တောင်းဆိုပေးဖွယ် ရှိနေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။