ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ မိုချန်ဂလာဘက် ကြယ်ပွင့် မာနူ ကိုနေးက သူဟာ လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းဖြစ်ရင် သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းဆီသာ ပြောင်းရွှေ့မှာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် လူငယ်ကြယ်ပွင့် မာနူ ကိုနေးက ယခုနှစ်ရာသီမှာ ဂလာဘက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက မိုချန် ဂလာဘက် အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ကိုနေးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသလို ပြင်သစ် ယူ-၂၁ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားထားနိုင်တာကြောင့် ဥရောပရဲ့ အင်အားကြီးကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီး ၊ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီတို့က မာနူ ကိုနေးကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး သုံးသင်းစလုံးက ကိုနေးအတွက် ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် ပြုလုပ်မယ်လို့ သိရပါတယ်။

Photo Credit: Team Talk

ကိုနေးကတော့ သူ့ရဲ့ အနာဂတ် အတွက် လာမယ့် နွေဈေးကွက်မှာ ဥရောပရဲ့ နာမည်ကြီးကလပ်တွေဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေပေမယ့် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အသင်းဆီသာ ပြောင်းမယ်လို့ ဆိုလာပါတယ်။ ကိုနေးက – “ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုလား။ ကျွန်တော်က ပဲရစ်မြို့မှာ မွေးခဲ့တဲ့ လူတယောက် ဖြစ်သလို ပဲရစ်မြို့မှာပဲ ဘောလုံးပညာတွေကို သင်ကြားခဲ့တာပါ။ ဒါကြောင့် ပီအက်စ်ဂျီက ကျွန်တော့်ကို စိတ်ဝင်စားတာဟာ သဘာဝကျပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ပီအက်စ်ဂျီနဲ့ တခြားအသင်းတွေက အတူတူပါပဲ။ ကျွန်တော်က ဘောလုံးကစားချင်တာပါ။ ဒါကြောင့် ကျွန်တော်သာ ဂလာဘက် ကနေ ထွက်ခွာဖြစ်ခဲ့ရင် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကိုပဲ ဦးစားပေးမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။