ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ယခုနှစ် ဘောလုံးရာသီမှာ ဘုန်းမောက်နဲ့အတူ တောက်ပနေတဲ့ လူငယ် အစွန်ခံစစ်မှူး ကာကက်ဇ်ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဟန်ဂေရီ လက်ရွေးစင် ဘယ်နောက်ခံလူ ကာကက်ဇ်က ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန် နာမည်ကြီးကလပ် အေဇက် အယ်လ်ခမာ ကနေ ဘုန်းမောက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၇.၈သနးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘုန်းမောက်က သူ့ကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

ကာကက်ဇ်က ဘုန်းမောက်ဆီ ရောက်ရှိပြီးနောက် တောက်လျှောက်ဆိုသလို ပွဲထွက်ခွင့် ရနေပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘုန်းမောက် အတွက် ပြိုင်ပွဲစုံ ၂၃ပွဲ အထိ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားကာ အဝါကတ် ၄ကြိမ် ပြသခံထားရပါတယ်။

ကာကက်ဇ်က လျင်မြန်ကာ တောင်ပံတိုက်စစ် ကစားသမားတွေနဲ့ ချိတ်ဆက် တိုက်စစ်ဆင်ရာမှာ ထူးချွန်တဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ကစားဟန်က ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောနဲ့ အနည်းငယ် ဆင်ကာ သူဟာ အနာဂတ်မှာ ထိပ်တန်း ဘယ်နောက်ခံလူ ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Metro Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က လာမယ့်နွေမှာ အရန် ဘယ်နောက်ခံလူ တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး နှစ်သင်းစလုံးက ကာကက်ဇ်ရဲ့ ခြေစွမ်းကို သဘောကျနေကာ ကာကက်ဇ်အတွက် ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်လာနိုင်ကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က မကြာခဏ ဒဏ်ရာရတတ်တဲ့ လုခ်ရှောနဲ့ ဘန် ချီဝဲလ်တို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ဘယ်နောက်ခံလူ တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေကြတဲ့ အသင်းတွေ ဖြစ်ပြီး ဘုန်းမောက်ကတော့ ယူရို ၁၈သန်း ဝန်းကျင် အထိ ပေးထားရတဲ့ ကာကက်ဇ်ကို အနည်းဆုံး ယူရို ၃၅သန်း ဝန်းကျင် ရရှိမှာ ပြန်လည် ရောင်းထုတ်ဖွယ် ရှိပါတယ်။