မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂျပန် ကြယ်ပွင့် ကစားသမားလေး တာကီဖူဆာ ကူဘိုကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေပြီး အသင်းရဲ့ တောင်ပံတိုက်စစ် နေရာအတွက် အလိုရှိနေပါတယ်။

အသက် (၂၂)နှစ်သာ ရှိနေသေးတဲ့ ကူဘိုဟာ ညာတောင်ပံနေရာ နဲ့ ကွင်းလယ်တိုက်စစ် နေရာတို့မှာ ပါဝင် ကစားနိုင်တဲ့ အရည်အသွေးမြင့် အာရှ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း ဆိုစီဒက်အသင်းအတွက် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသထားပါတယ်။

Photo Credit : Sky Sports

အသက် (၈)နှစ်သား အရွယ်တုန်းက FC Barcelona Soccer Camp ပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့ရင်း ဘာစီလိုနာ လူငယ် အကယ်ဒမီမှာပါ ဘောလုံးပညာတွေ လေ့လာခွင့် ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ကူဘိုဟာ ဘာစီလိုနာ စီနီယာအသင်းကြီးမှာ ကစားခွင့် မရခဲ့ပဲ ဂျပန်ကိုသာ ပြန်လာခဲ့ရပါတယ်။

ကူဘိုက လုံးဝ စိတ်ဓါတ်ကျသွားခြင်း မရှိပဲ အကောင်းဆုံး ကြိုးစားခဲ့ရာ ၂၀၁၉မှာပဲ သူ့ကို ရီးယဲလ်မက်ဒရစ်က စပိန်မြေဆီ ပြန်လည် ခေါ်ဆောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ကူဘိုက ရီးယဲလ်မှာ ပွဲကစားခွင့် မရခဲ့ပြန်ပဲ မာယော့ကာ ဗီလာရီးယဲလ် ဂီတာဖေးတို့မှာ အငှားနဲ့ ကစားရရင်း ၂၀၂၂မှာတော့ ဆိုစီဒက်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Football Espana

အခုဆိုရင် ကူဘိုက ဆိုစီဒက်အတွက် ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေရင်းနဲ့ ပွဲပေါင်း (၆၇)ပွဲကစား (၁၅)ဂိုးသွင်း (၁၃)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲတိုင်းလိုလိုမှာ ပါဝင်နေရပါတယ်။

ဒီကစားသမားကို ဥရောပထိပ်သီး ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားနေကြပြီး အဲ့ဒီထဲမှာ မန်ယူနိုက်တက်ကလည်း ဆန်ချို အန်တိုနီတို့လို တောင်ပံ ကစားသမားတွေရဲ့နေရာမှာ ကူဘိုနဲ့ အစားထိုးဖို့အတွက် ခေါ်ယူသွားချင်နေပါတယ်။ ဒါပေမယ့် ကူဘိုဟာ ဆိုစီဒက်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို ကူဘိုအတွက် ပြောင်းရွှေ့ကြေးကိုလည်း အနည်းဆုံး ယူရို သန်း(၈၀)လောက်အထိ တောင်းဆိုလာနိုင်ပါတယ်။