အမေရိကန် အခြေစိုက် နာမည်ကြီး နည်းပညာကုမ္ပဏီ ဖြစ်တဲ့ Qualcommက လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက စပွန်ဆာကုမ္ပဏီ ဖြစ်လာတော့မယ်လို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တရားဝင် ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ လက်ရှိ ရင်ဘတ်စပွန်ဆာ Team Viewer ကုမ္ပဏီနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားပေမယ့် Team Viewerက သူတို့အသင်းကို တနှစ် စပွန်ဆာကြေး ပေါင် ၄၇သန်းသာ ပေးချေနေတာ ဖြစ်ပါတယ်။

Photo Credit: Man Utd

တဖက်မှာတော့ Snapdragonလို နာမည်ကြီး ဖုန်းChipsetတွေကို ထုတ်လုပ်နေတဲ့ Qualcommက သူတို့ကုမ္ပဏီရဲ့ ပုံရိပ်ကို မြှင့်တင်ချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့ပြီး Qualcommက ယူနိုက်တက်ကို Team Viewerထက် ပိုများတဲ့ စပွန်ဆာကြေးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ယမန်နေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှ စတင်ကာ Qualcommကုမ္ပဏီနဲ့ လက်တွဲတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က Team Viewerနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် သူတို့ရဲ့ စာချုပ်ထဲမှာ ယူနိုက်တက်ဘက်က Team Viewerကို စာချုပ်ဖျက်သိမ်းကြေး ပေးရင် စာချုပ်ဖျက်သိမ်းနိုင်မယ့် အချက်အလက် ပါဝင်နေပြီး ယူနိုက်တက်က အဆိုပါအချက်ကို အသုံးချကာ Team Viewerနဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် Qualcommက မန်ချက်စတာ ယူနိုက်တက်ကို တနှစ် စပွန်ဆာကြေး ပေါင် ၆၀သန်း ပေးချေဖို့ သဘောတူထားပြီး မန်ချက်စတာ ယူနိုက်တက်ဟာ Qualcommကုမ္ပဏီက ထုတ်လုပ်တဲ့ ပစ္စည်းတိုင်းမှာ သူတို့ရဲ့ Logoကို တပ်ဆင် အသုံးပြုခွင့် ပေးထားကြောင်းလည်း The Athleticက ဆိုပါတယ်။