လက်ချီအသင်းရဲ့ ဒိန်းမတ် ဘယ်နောက်ခံကစားသမားလေး ပက်ထရစ် ဒေါကူအတွက် မန်ချက်စတာ ယူနိုက်တက်ဆီကနေ ကမ်းလှမ်းမှု ရရှိလာခဲ့ပေမယ့် ဒေါဂူလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို အသင်းမှာသာ ဆက်ထိန်းထားသွားဦးမယ်လို့ လက်ချီအသင်း ဥက္ကဌဖြစ်သူက ပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က အသင်းရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးကို အခုဆောင်းဈေးကွက်အတွင်းမှာပဲ ခေါ်ယူဖြည့်တင်းသွားချင်နေပြီး လက်ရှိမှာတော့ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ စီးရီးအေ ကြယ်ပွင့်ကစားသမားလေး ဒိုဂူကို အတော်လေး မျက်စိကျလျက် ရှိနေပါတယ်။
Photo Credit : Goal
ဆောင်းဈေးကွက် ပိတ်သိမ်းဖို့ (၁၀)ရက်ဝန်းကျင်လောက်ပဲ ကျန်ရှိနေတော့တဲ့အချိန်မှာ ယူနိုက်တက်က ဒိုဂူကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းလာခဲ့ပြီး ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရဆိုရင်လည်း ယူနိုက်တက်က ဒိုဂူအတွက် ယူရို(၂၇)သန်း + အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို လက်ချီက ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် လက်ချီ ဥက္ကဌ ဒါမီယန်နီကလည်း “ကျွန်တော် ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ ကျွန်တော်တို့အသင်းရဲ့ အစီအစဉ်က ပက်ထရစ် ဒိုဂူလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေကို ဆက်ထိန်းသွားဖို့ပဲဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမားအတွက် မန်ယူနိုက်တက်ဘက်က ကမ်းလှမ်းမှု ပြုလုပ်လာတာကို ဝမ်းသာပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်က စီးရီးအေမှာ ဆက်ရှိနေဖို့ပါ။ ဒါက အရမ်း အရေးကြီးတယ်။” လို့ ပြောဆိုခဲ့ပါသေးတယ်။
Photo Credit : Football365
ဒီလိုအချိန်မှာ နာပိုလီအသင်းက ဒိုဂူကို ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့သလို အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ နာပိုလီရဲ့ ကမ်းလှမ်းမှုမှာလည်း ဒိုဂူကို လက်ချီအသင်းဆီ ဒီရာသီကုန်အထိ ပြန်လည် အငှားပေးသွားမယ့် option ပါ ပါဝင်နေတာကြောင့် ဒီကမ်းလှမ်းမှု လက်ချီဘက်က လက်ခံသွားဖို့ နီးစပ်နေပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ကစားသမားဖြစ်သူကိုယ်တိုင် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေပြီး ယူနိုက်တက်ကလည်း ဒိုဂူအတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ ရှိနေသေးတာကြောင့် အခု ဈေးကွက်မပိတ်ခင်အထိ ဒီအပြောင်းအရွှေ့က စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်။