မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ဒီရက်ပိုင်းအတွင်း ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း ရှင်းလင်း ပြောကြားလိုက်ပါတယ်။

Photo Credit : CNBC

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပဖို့ အလွန် နီးစပ်နေချိန်မှာပဲ ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ လက်တွဲဖြုတ်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဆီကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အယ်လ်နာဆာ ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခအကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာခဲ့ရပြီး ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘာမှ မှတ်ချက်စကား မပြောချင်ဘူးလို့ ရော်နယ်လ်ဒိုနဲ့အတူ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြတန်ဟက်ဂ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

ဝုလ်ဗ်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တဲ့ ပွဲအပြီး သတင်းထောက်တွေက တန်ဟက်ဂ်ကို ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့န့ ပတ်သတ်ပြီး မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က “ကျွန်တော် အတိတ်အကြောင်းတွေ မပြောတော့ဘူး။ အနာဂတ်အကြောင်းပဲ ပြောကြရအောင်။ ဒီနေ့ ကျွန်တော်တို့တွေ ခြေလှမ်းကောင်းတစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ပွဲတွေကို နိုင်ရမယ်။ ဒါဟာ ကျွန်တော်တို့ Top 4 ထဲကို ပထမဆုံးအကြိမ် ရောက်ရှိသွားတာပါ။ ဒါပေမယ့်လည်း ဘာမှ အဓိပ္ပါယ် မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သွားရမယ့် ခရီးလမ်းက အရှည်ကြီးဆိုတော့ ပွဲတွေကလည်း အများကြီး ရှိနေဦးမယ်။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်းစီ အာရုံစိုက်သွားရမယ်။ ပွဲတိုင်းကိုလည်း အနိုင်ယူရပါမယ်။ ဒါကြောင့် (၃)မှတ်တွေကို စုဆောင်း ၊ အနေအထားတစ်ခုကို ရယူထားနိုင်မယ်ဆိုရင် ဒီရာသီမှာ တစ်ခုခုကို ရယူသွားနိုင်လိမ့်မယ်။ အဲ့ဒါက ကျွန်တော်တို့ ရည်မှန်းထားတဲ့ အရာပါ။ ဒါပေမယ့် ကစားသမားတိုင်းနဲ့ အားလုံးဆီက ကြိုးစားအားထုတ်မှုကတော့ လိုအပ်ပါတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။