မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းမှာ အတော်လေး ခြေစွမ်းပြသနေတဲ့ ဆွီဒင် တိုက်စစ်ကစားသမား ဗစ်တာ ယိုကယ်ရက်စ်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် စပို့တင်းအသင်းနဲ့ပါ ကနဦး ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဆွီဒင်လက်ရွေးစက် တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ မနှစ်ကမှ ကိုဗင်ထရီကနေ စပို့တင်း လစ္စဘွန်းအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲဦးထွက် ဘောလုံးရာသီမှာပဲ ပြိုင်ပွဲစုံ (၄၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အခုနှစ် ဘောလုံးရာသီထဲမှာလည်း (၂၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Milan Report

ဒီလို ဂိုးသွင်းအားကောင်းမွန်နေတဲ့ ယိုကယ်ရက်စ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေကြသလို သူ့ကို စပို့တင်းအသင်းမှာ အရောင်တင်ပေးခဲ့တဲ့ နည်းပြ ရူဘင် အမော်ရင်ကလည်း လက်ရှိ သူရဲ့ကလပ်အသင်းသစ်ဖြစ်တဲ့ မန်ယူနိုက်တက်အသင်းဆီ ထပ်မံ ခေါ်ဆောင်သွားချင်နေပါတယ်။

အမော်ရင်က စပို့တင်းနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ယိုကယ်ရက်စ်ကို ကိုဗင်ထရီကနေ ခေါ်ယူခဲ့ပြီး ဂိုးသွင်းအားကောင်းတဲ့ အရည်အသွေးမြင့်တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်လာအောင် ပုံသွင်းပေးနိုင်ခဲ့ပါတယ်။ ယိုကယ်ရက်စ်ကလည်း အမော်ရင်လက်အောက်မှာ တကယ့်ကို စွမ်းဆောင်ရည် မြင့်မားတဲ့ တိုက်စစ်မှူးတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Ojogo

လက်ရှိ အမော်ရင် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟွိုင်လန်း ဇက်ခ်ဇီးနဲ့ ရပ်ရှ်ဖို့ဒ်တို့ ရှိနေပေမယ့် အမော်ရင်ကတော့ စပို့တင်းမှာ သူနဲ့ အတွဲညီခဲ့တဲ့ ယိုကယ်ရက်စ်ကို အသင်းဆီ ခေါ်ဆောင်သွားချင်နေတဲ့အတွက် အခုဆို ယိုကယ်ရက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စပို့တင်းအသင်းနဲ့ပါ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ ပလက်တန်ဘာ့ချ်ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က စပို့တင်းကနေ ရော်နယ်လ်ဒို နာနီနဲ့ အခု နည်းပြ အမော်ရင်တို့ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ဖို့ကတော့ ကစားသမားရဲ့ မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးအပြင် ဒီကစားသမားကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းက များပြားနေတဲ့အပြင် မန်စီးတီးကလည်း ပစ်မှတ်ထားနေတာကြောင့် ခက်ခက်ခဲခဲ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။