Manchester Evening News သတင်းဌာနရဲ့ ဖော်ပြချက်များအရ မန်ချက်စတာယူနိုက်တက်အသင်းက လစ်လပ်လို့နေပြီဖြစ်တဲ့ အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် (၇)ကို အသင်းက ဆယ်ကျော်သက် လူငယ်ကစားသမားလေး အလက်ဟန်ဒရိုဂါနာချိုင်္ထ ပေးအပ်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Mirror

အသက် (၁၈)နှစ် အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် အာဂျင်တီးနား တောင်ပံ ကစားသမားလေး ဂါနာချိုဟာ နည်းပြ အဲရစ်တန်ဟက်ဂ်လက်အောက်မှာ ပွဲကစားခွင့်တွေ ပိုမို ရရှိလာခဲ့ရင်း ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ယူနိုက်တက်အတွက် သွင်းဂိုး (၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် ဂါနာချိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပြီး ယူနိုက်တက်ကလည်း မကြာသေးခင်ကပဲ (၅)နှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကိုပါ ချုပ်ဆိုဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Football365

ဂါနာချိုက လက်ရှိ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် (၄၉)ကို ဝတ်ဆင်နေရပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်လ်ဒို အသင်းနဲ့ လမ်းခွဲသွားပြီး နောက်ပိုင်းကတည်းက အသင်းမှာ လစ်လပ်သွားခဲ့တဲ့ ကျောနံပါတ် (၇)ကို ဂါနာချိုထံ လွှဲပြောင်းပေးသွားဖို စဉ်းစားလာခဲ့ပါတယ်။ ကျောနံပါတ် (၇)ဆိုတာကလည်း ဂါနာချို အလွန် နှစ်သက် အားကျခဲ့ရတဲ့ သူ့အိုင်ဒေါ ရော်နယ်လ်ဒို ဝတ်ဆင်ထားခဲ့တဲ့ နံပါတ်ဖြစ်တဲ့အတွက် ဂါနာချိုက ဒီ ကျောနံပါတ်ကို ဝတ်ဆင်ချင်မှာ သေချာနေပါတယ်။

Photo Credit : The Athletic

ဒါပေမယ့် ကျောနံပါတ် အပြောင်းအလဲအောက်မှာ ဂန္တဝင် ကျောနံပါတ်ကြီးကြောင့် ဂါနာချ်ိုလို ဆယ်ကျော်သက် ကစားသမားလေးအနေနဲ့ ဖိအားဒဏ်တွေ ပိသွားနိုင်တာကိုတော့ သတိထားဖို့ လိုအပ်ပါမယ်။ ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုပြီး ခေါ်ယူထားရတဲ့ ဂျေဒန်ဆန်ချို အန်တိုနီထက် အသင်းကို ပိုမို အကျိုးပြုနိုင်တဲ့ ဂါနာချိုက လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အသင်းရဲ့ ကျောနံပါတ် (၇)ပိုင်ရှင်သစ်အဖြစ် ရွေးချယ်သွားခံရမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။