မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဆယ်ကျော်သက် လူငယ် တိုက်စစ်ကစားသမားလေး ဂါဘရီရယ်လီ ဘီယန်ကယ်ရီကို စီနီယာအသင်းသားတွေနဲ့ training ဆင်းခိုင်းစေပြီး အသင်းကြီးမှာပါ နေရာပေးဖွယ်လည်း ရှိနေပါတယ်။

လတ်တလော အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားထားနေရတဲ့ တိုက်စစ်မှူး ရက်မတ်စ် ဟွိုင်လန်းက ရုတ်တရက် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဖူလ်ဟမ် နော်တင်ဟမ်အသင်းတွေနဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီး မန်ချက်စတာဒါဘီပွဲကိုပါ သေချာပေါက် လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Sun

ဟွိုင်လန်း မပါဝင်နိုင်တဲ့နောက်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းက ရုန်းကန်လာခဲ့ရပြီး အသင်းမှာကလည်း ဟွိုင်လန်းအပြင် မာရှယ်လည်း ဒဏ်ရာရနေတာကြောင့် တိုက်စစ် option အတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ရပြီး ဒီအချိန်မှာပဲ ယူ-၁၈အသင်းရဲ့ ကစားသမားလေးတစ်ဦးကို အသင်းကြီးမှာ နေရာပေးဖို့ စီစဉ်လာခဲ့ပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဝေးလ်စ် လူငယ်ကစားသမားလေး ဘီယန်ကယ်ရီဆိုတဲ့ တိုက်စစ်မှူးလေးဟာ ယူနိုက်တက် ယူ-၁၈အသင်းက ကစားသမားလေးဖြစ်ပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲမှာလည်း (၁၃)ပွဲကစား (၅)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : MUnitedFR

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ကာဒစ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒီကစားသမားလေးဟာ သူရဲ့စီနီယာ ကစားသမားဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်နဲ့ ကစားဟန်ချင်း ဆင်တူတယ်လို့ သတ်မှတ်ပြောဆိုခံနေသူလည်း ဖြစ်ပါတယ်။

အခုတော့ ယူနိုက်တက် စီနီယာ ကစားသမားကြီးတွေနဲ့ လေ့ကျင့်ခန်းပါ အတူဆင်းခွင့်ရရှိနေတဲ့ ဘီယန်ကယ်ရီတစ်ယောက် ယူနိုက်တက် အသင်းကြီးအတွက်လည်း ကစားခွင့် ရရှိလာနိုင်မလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။