ဒီရာသီ ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်တွေ အတော်လေးကို ပျောက်ဆုံးလို့နေတဲ့ အင်္ဂလန် ဘယ်နောက်ခံကစားသမား ဘန်ချီဝဲလ်ဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာသွားဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။
ဘန်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကပဲ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့လည်း အပြောင်းအရွှေ့ ကောလဟာလတွေပါ ဆက်တိုက် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့က မဖြစ်လိုက်ပဲနဲ့ ချယ်လ်ဆီးအသင်းမှာသာ ဆက်လက် ကျန်ရှိနေခဲ့ရပါတယ်။
Photo Credit : Eurosport
အသက် (၂၇)နှစ်အရွယ် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ဟာ ၂၀၂၀ခုနှစ်ကမှ လက်စတာကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ချယ်လ်ဆီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ACL အပါအဝင် ဒဏ်ရာ ပြဿနာပေါင်း များစွာကြောင့် မကြာခဏ အနားယူနေရရင်း ကစားသမားရဲ့ စွမ်းဆောင်ရည်တွေပါ အနည်းငယ် ကျဆင်းလာခဲ့ပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာက နည်းပြအပြောင်းအလဲတွေ အမြောက်အများ ဖြစ်ပေါ်ထားခဲ့ရတာကြောင့် ဘန်ချီဝဲလ်အတွက် ပွဲကစားခွင့်တွေဟာလည်း ပုံမှန်မရှိလာတော့ဘဲ ဒီရာသီမှာဆိုရင်လည်း နည်းပြ အန်ဇို မာရက်စ်ကာလက်ထက် လိဂ်ဖလားပွဲ တစ်ပွဲလေးတည်းသာ ပွဲချိန်ဝက်ပဲ ကစားခွင့် ရထားပါသေးတယ်။
Photo Credit : Goal
ဒီလို အခြေအနေမှာ ချယ်လ်ဆီးကစားသမားတွေကို ခေါ်ယူနေကြ ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ အသက်လက်တီကိုတို့က ဘန်ချီဝဲလ်ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး အထူးသဖြင့် ဘယ်ခြမ်းခံစစ်မှာ ညာနောက်ခံကစားသမား ဒါလော့ကို အသုံးပြုနေရတဲ့ ယူနိုက်တက်က ချီဝဲလ်ကို ခေါ်ယူသွားချင်နေပါတယ်။
ဘန်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်းလည်း ကျန်ရှိထားပြီး သူရဲ့ injuries record တွေက သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက် အနည်းငယ် စဉ်းစားစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ယူနိုက်တက်ရော အသက်လက်တီကိုအပြင် တခြားသော အသင်းတွေကပါ ဘန်ချီဝဲလ်ကို စိတ်ဝင်စားနေကြပါတယ်။