ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ပူပူနွေးနွေး စီးရီးအေ ချန်ပီယံ နာပိုလီရဲ့ ဗဟိုခံစစ်မှူး ဖြစ်သူ ကင်မင်ဂျေးကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က လာမယ့် ဘောလုံးရာသီတွေမှာ သူတို့အသင်းတွေရဲ့ နဂို အဆင့်အတန်း ဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်မျိုး ပြန်လည် ရောက်ရှိအောင် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ အသင်းတွေ ဖြစ်ကြပါတယ်။

Photo Credit: Football 365

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ဗဟိုနောက်ခံလူ ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဖီနာဘာချီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် အသင်းနဲ့ ချက်ချင်း အထိုင်ကျခဲ့သလို အသင်းရဲ့ ခံစစ်ကြောင်းကိုလည်း အကောင်းဆုံး ဦးဆောင် ကစားပြနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ကင်မင်ဂျေးက အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦးထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်းတွေက ကင်မင်ဂျေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ကင်မင်ဂျေးကို ခေါ်ယူဖို့ အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးဟာ ကင်မင်ဂျေး အတွက် လှုပ်ရှားမှု တချို့ပါ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

နာပိုလီနဲ့ ကင်မင်ဂျေးတို့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၄၅သန်းသာ ရှိတာကြောင့် နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယူရို ၄၅သန်း ပေးရုံနဲ့ ကင်မင်ဂျေးကို ခေါ်ယူနိုင်မှာ ဖြစ်ပြီး ကင်မင်ဂျေးကလည်း အသင်းပြောင်းဖို့ စိတ်ဝင်စားနေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။