ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ မခေါ်ယူနိုင်ခဲ့တဲ့ သူတို့ရဲ့ ပစ်မှတ်ဟောင်း ဝက်စ်ဟမ်းကြယ်ပွင့် ပါကွေတာကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူရန် ထပ်မံ ကြိုးစားဖို့ စဉ်းစားထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ပါကွေတာက ၂၀၂၂ခုနှစ်မှာ လိုင်ယွန် ကနေ ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ၁၀ဦး စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Manchester City

ပါကွေတာက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဗဟိုကွင်းလယ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် အထိ ရရှိထားပါတယ်။

ပါကွေတာက ဘရာဇီးလ်သားပီပီ နည်းစနစ်ပိုင်း ကောင်းမွန်ကာ တွန်းတွန်းတိုက်တိုက် ကစားလေ့ ရှိတာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက်မှာ မန်ချက်စတာ စီးတီးက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သလို ပါကွေတာကလည်း စီးတီးဆီ ပြောင်းဖို့ ခေါင်းညိတ်ခဲ့ပေမယ့် မထင်ထားတဲ့ ပြဿနာ တချို့ ပေါ်လာတာကြောင့် စီးတီးက ပါကွေတာအား ခေါ်ယူဖို့ ကြိုးစားနေမှုတွေကို ရပ်တန့်ခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ စီးတီးက ပါကွေတာကို မခေါ်နိုင်ခဲ့တဲ့နောက် ဝုလ်ဗ်ရဲ့ ကွင်းလယ်လူ နူနက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၆၂သန်း အထိ သုံးစွဲကာ ခေါ်ယူခဲ့ပေမယ့် နူနက်စ်က မန်ချက်စတာ စီးတီးမှာ မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်သေးပဲ သူက ပြိုင်ပွဲစုံ ၂၂ပွဲမှာ ဂိုးဖန်တီးမှု ၅ကြိမ်သာ ရရှိထားပါသေးတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက လာမယ့် နွေရာသီမှာသာ အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို လက်လွှတ်ရရင် ပါကွေတာကို ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဝက်စ်ဟမ်းက သူတို့ရဲ့ ကွင်းလယ်ဗိုလ်ချုပ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း အထိ လိုချင်နေကြောင်း သိရှိရပါတယ်။