ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အီဒါဆင် နေရာမှာ အစားထိုးဖို့အတွက် ဂျုဗင်တပ်စ်အသင်းက အီတလီ ဂိုးသမား မီကယ်လီ ဒီဂရီဂိုရီယိုကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားနေတယ်လို့ အီတလီ အခြေစိုက် မီဒီယာ Calcio Mercato ကနေ ဖော်ပြလာပါတယ်။

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆင်ဟာ ၂၀၁၇ကတည်းက ဘင်ဖီကာကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး မန်စီးတီးအတွက် ဦးစားပေး ဂိုးသမား ဖြစ်ခဲ့သလို အသင်းနဲ့အတူ ဆုဖလားပေါင်းများစွာပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Football365

မန်စီးတီးရဲ့ အားအထားရဆုံး ဂိုးသမားတစ်ဦး ဖြစ်သလို The Best FIFA Goalkeeper ဆုနဲ့ ပရီးမီးယားလိဂ် ရွေလက်အိတ်ဆုတွေအထိ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အီဒါဆင်ဟာ လက်ရှိမှာတော့ လက်စွမ်းပိုင်း ကျဆင်းနေရသလို လက်ရှိမှာလည်း အရန်ဂိုးသမား အော်တီဂါကပါ အီဒါဆင်ထက် ပွဲကစားခွင့်တွေ ပိုမို ရရှိနေရပါတယ်။

ဒီအခြေအနေမှာ မန်စီးတီးဘက်က အီဒါဆင်ကို အသင်းကနေ ရောင်းထုတ်သွားဖို့အထိ စီစဉ်လာခဲ့သလို အီဒါဆင်နေရာအတွက် အရည်အသွေးမြင့် ဂိုးသမားတစ်ဦး ခေါ်ယူသွားဖို့ပါ ချိန်ရွယ်လာခဲ့ပါတယ်။ မန်စီးတီးက ပေါ်တိုအသင်းရဲ့ ပေါ်တူဂီ ဂိုးသမား ဒီယိုဂို ကော်စတာကို ဦးစားပေး အလိုရှိနေပေမယ့် ကော်စတာရဲ့ တန်ကြေးက အလွန်မြင့်မားနေတာကြောင့် ဂျုဗင်တပ်စ် ဂိုးသမား ဒီဂရီဂိုရီယိုကိုသာ ပစ်မှတ်ထားလာပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွယ် အီတလီ ဂိုးသမား ဒီဂရီဂိုရီယိုဟာ အင်တာမီလန် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၂၂ခုနှစ်မှာ မွန်ဇာအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဒီနွေမှာတော့ ဂျုဗင်တပ်စ်က ဂိုးသမား ဆက်ဇနီကို လက်လွတ်လိုက်ပြီးနောက် ဒီဂရီဂိုရီယိုကို မွန်ဇာကနေ အငှား+အပြီးသတ်နဲ့ ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆုပါ ပိုင်ဆိုင်ခဲ့တဲ့ ဒီဂရီဂိုရီယိုဟာ အခုဆိုရင် ဂျှုဗင်တပ်စ်ရဲ့ အဓိက ဂိုးသမားတစ်ယောက်လည်း ဖြစ်လို့နေပြီး ဒီရာသီ စီးရီးအေမှာလည်း (၁၂)ပွဲကစား (၇)ပွဲအထိ Clean Sheets ရရှိအောင် စွမ်းဆောင်ပေးထားသလို ပြိုင်ပွဲစုံမှာပါ Clean Sheets (၁၀)ကြိမ်အထိ ရယူထားပါတယ်။ ဒါကြောင့်လည်း ဒီဂိုးသမားကို မန်စီးတီးက အလိုရှိနေတာလည်း ဖြစ်ပါတယ်။