ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ ဗီလာကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် ရုန်းကန်ရမယ့် အနေအထားကို ရောက်ရှိသွားပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ဒီရာသီမှာ ခြေစွမ်းရော ၊ ရလဒ်ပိုင်းပါ အထူး ကောင်းမွန်နေသလို အဆင့်(၄) အတွင်းပါ ဝင်ရောက်ထားနိုင်တဲ့ ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး နှစ်သင်းစလုံးက နိုင်ပွဲရရှိရေး အတွက် ဦးတည် ကစားသွားခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာက နောက်ခံလူ ၅ဦး အထိ ထည့်သွင်း ကစားကာ ကစားကွက်နဲ့ လူစာရင်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ ပါဝင်ခဲ့ပေမယ့် ကွင်းလယ်ပိုင်းမှာ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ နှစ်ဦးထဲသာ ကွင်းလယ်လူစစ်စစ်တွေ ဖြစ်နေတာကြောင့် မန်ချက်စတာ စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။

တဖက် ဗီလာကတော့ သူတို့ရဲ့ အဓိက ကစားသမားတွေ အားလုံးကို ထုတ်သုံးကာ မန်ချက်စတာ စီးတီးကို တုံ့ပြန် ရင်ဆိုင်သွားခဲ့ပြီး ဗီလာရဲ့ ခပ်မြန်မြန် ၊ ခပ်သွက်သွက် ကစားဟန်ကြောင့် ကွင်းလယ်လူ ၃ဦးထဲသာ ပါဝင်လာတဲ့ စီးတီးရဲ့ ကွင်းလယ်ဟာ တိုင်လီမန်းစ် ၊ ကာမာရာ ၊ ဒေါက်ဂလပ် လူးဝစ် ၊ မက်ဂင်းတို့ ဦးဆောင်လာတဲ့ ဗီလာကွင်းလယ်ကို မယှဉ်နိုင်ခဲ့ပဲ ဗီလာဟာ ဒီနေ့ပွဲမှာ ဂိုးပေါက် ကန်သွင်းခွင့် ၂၂ကြိမ် အထိ လုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဗီလာအတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကိုတော့ ညာတောင်ပံ ကစားသမား ဘိုင်လီက ပွဲချိန် ၇၄မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးကတော့ တပွဲလုံးမှာ ဂိုးပေါက် ကန်သွင်းခွင့် ၂ကြိမ်သာ ရခဲ့တဲ့ အထိ ခြေစွမ်းတွေ ဆိုးရွားခဲ့တာကြောင့် ဗီလာကို အဝေးကွင်းမှာ ဒူးထောက် အရှုံးပေးခဲ့ရတာပါ။

ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၁၅) အပြီးမှာ မန်ချက်စတာ စီးတီးက အဆင့်(၄)နေရာ အထိ ဆင်းပေးခဲ့ရသလို အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၆မှတ် အထိ ပြတ်တောက်သွားခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် လက်ကျန်ပွဲတွေမှာ အမှားအယွင်းတွေ လုပ်လို့ မရတော့ပါဘူး။