ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ရဲ့ ချန်ပီယံ မန်ချက်စတာ စီးတီးက ယခု နွေဈေးကွက်မှာ သူတို့အသင်း ကနေ ဆော်ဒီကလပ် အယ် အာလီဆီ ပြောင်းရွှေ့သွားတဲ့ တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ရန်းနက်စ် လူငယ်ကြယ်ပွင့် ဒိုကူကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ်ကြယ်ပွင့် ဂျရေမီ ဒိုကူက ညာခြေအားသန် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး ညာတောင်ပံနေရာမှာ အဓိက ကစားလေ့ ရှိကာ လိုအပ်ရင် ဘယ်ခြမ်းနဲ့ နောက်ချန်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Standard

ဒိုကူက အန်ဒါလက်ချ်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ စတင် ထင်ပေါ်လာသူ ဖြစ်ပြီး ၂၀၂၀ခုနှစ်မှာတော့ ရန်းနက်စ်က သူ့ကို အန်ဒါလက်ချ်ကနေ သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၆သန်းနဲ့ ခေါ်ယူကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ဒိုကူက မြန်နှုန်းမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်တာကြောင့် တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်ပြီး သူက ရန်းနက်စ်အတွက် ပြိုင်ပွဲစုံမှာ ၉၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Pinterest

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက မာရက်ဇ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ခရစ္စတယ် ပဲလေ့စ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးကပါ အိုလစ်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် သူတို့အသင်းရဲ့ ပစ်မှတ်သစ် အဖြစ် ဒိုကူကို ပြောင်းလဲ သတ်မှတ်ခဲ့ပြီး မကြာခင်မှာ မန်ချက်စတာ စီးတီးဟာ ဒိုကူအတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

ရန်းနက်စ်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဒိုကူအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း လိုချင်နေပြီး မန်ချက်စတာ စီးတီးက ဒိုကူနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူပြီးမှသာ ရန်းနစ်နဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။