ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် နယူးကာဆယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဘရူနို ဂွီမာရေးစ်ကို လာမယ့် နွေဈေးကွက်မှာ စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လူအင်အား အတောင့်တင်းဆုံးအသင်း အဖြစ် တင်စားခံထားရပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမား နည်းပါးနေပြီး အခွင့်အရေး ဖန်တီးမှုအပိုင်း အတွက် ကယ်ဗင် ဒီဘရိုင်းကိုသာ အားကိုးနေရပါတယ်။

Photo Credit: Goal

ဖန်တီးနိုင်စွမ်း နည်းပါးနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဝုလ်ဗ်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူခဲ့ပေမယ့် နူနက်စ်က မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်သေးသလို ဒီဘရိုင်းနဲ့ ကိုဗာချစ်တို့ကလည်း အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်ရှိနေပါတယ်။

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဂွီမာရေးစ်က ၂၀၂၂ခုနှစ်မှာ လိုင်ယွန် ကနေ နယူးကာဆယ်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး ဂွီမာရေးစ်က လုပ်အားနှုန်း ကောင်းမွန်သလို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ဗဟိုကွင်းလယ်လူ ဖြစ်ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Transferရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက လာမယ့် နွေဈေးကွက်မှာ ဂွီမာရေးစ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို မန်ချက်စတာ စီးတီးက ဂွီမာရေးစ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၀သန်း ပေးချေကာ ခေါ်ယူဖို့ပါ စဉ်းစားနေကြောင်း သိရှိရပါတယ်။

ဘရူနို ဂွီမာရေးစ်က ယခုနှစ် ဘောလုံးရာသီမှာ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပြီး မန်ချက်စတာ စီးတီး အပြင် ပီအက်စ်ဂျီ ၊ ဘာစီလိုနာ စတဲ့ ကလပ်တွေကလည်း ဂွီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။