တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် အသင်းနည်းပြသစ်အဖြစ် ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းရဲ့ နည်းပြလည်းဖြစ် တစ်ချိန်က မန်စီးတီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်တဲ့ ဗင်းဆင့်ကွန်ပနီကို အဓိက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

စပါးအသင်းဟာ အသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီနဲ့ လက်တွဲဖြုတ်ပြီးနောက် ကွန်တီရဲ့ လက်ထောက်နည်းပြ စတယ်လ်လီနီကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပြီး လက်ကျန် ဘောလုံးရာသီကို ဆက်လက် ဖြတ်သန်းလျက် ရှိနေရာ ရာသီအကုန်မှာတော့ နည်းပြသစ်တစ်ဦး မဖြစ်မနေ ခန့်အပ်သွားဖို့ ရှိနေပါတယ်။ စပါးအသင်းက နည်းပြသစ်အဖြစ် နာဂယ်စမန်း အင်းနရစ်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် စပါးဘက်က တကယ် ခေါ်ယူ ခန့်အပ်ချင်နေတဲ့ နည်းပြက ဘယ်လ်ဂျီယံ နောက်ခံကစားသမားဟောင်းကြီး ကွန်ပနီသာဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြလာပါတယ်။

Photo Credit : TEAMtalk

အသက်(၃၇)နှစ်သာ ရှိသေးတဲ့ ကွန်ပနီဟာ မန်စီးတီးအသင်းနဲ့အတူ သူရဲ့ ဘောလုံးသမားဘဝ အချိန် တော်တော်များများက ဖြတ်သန်းခဲ့တာဖြစ်ပြီး မန်စီးတီးမှာလည်း ဆုဖလား အောင်မြင်မှုတွေ တစ်ဦးချင်း အောင်မြင်မှုတွေ များစွာက ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားမယူခင်မှာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့ရင်း အနားယူသွားချိန်မှာတော့ အန်ဒါလက်ချ်နည်းပြအဖြစ် စတင် ဆောင်ရွက်ဖြစ်ပြီး ၂၀၂၂ခုနှစ်မှာပဲ ဘန်လေအသင်းဆီ ရောက်သွားခဲ့ရပါတယ်။

Photo Credit : Football365

ဘန်လေလို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ ရောက်ရှိသွားတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ရင်း ရာသီမကုန်ဆုံးခင် ပွဲအနည်းအလိုမှာပဲ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်နိုင်ခဲ့တဲ့ ကွန်ပနီရဲ့ စွမ်းဆောင်ရည်ကို စပါးဥက္ကဌ ဒန်နီရယ်လီဗီးက သဘောကျ နှစ်သက်လျက် ရှိနေပြီး သူတို့ရဲ့ခါးသီးမြို့ခံအသင်း အာဆင်နယ်က ကစားသမားဟောင်းနဲ့ ဂွာဒီယိုလာရဲ့ တပည့်ဟောင်း အာတေတာကို နည်းပြအဖြစ် ခန့်အပ်ခဲ့သလို ကွန်ပနီလို ဂွာဒီယိုလာ တပည့်ဟောင်းတစ်ဦးကိုလည်း အသင်းနည်းပြအဖြစ် စပါးဘက်က ခန့်အပ်သွားချင်လာခဲ့တာပဲ ဖြစ်ပါတယ်။