ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ကယ်ဗင် ဖီးလစ်ကို လာမယ့် ဆောင်းဈေးကွက်မှာ အသင်းပြောင်းခွင့် ပေးလိုက်ပြီလို့ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်က ၂၀၂၂ခုနှစ်မှာ လိဒ်ယူနိုက်တက် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးက သူ့အတွက် လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၉သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ စီးတီးက ကယ်ဗင် ဖီးလစ်ကို အသင်းခေါင်းဆောင်ဟောင်း ဖာနန်ဒင်ဟိုရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် ကယ်ဗင် ဖီးလစ်က မန်ချက်စတာ စီးတီးဆီ ရောက်ရှိပြီးနောက် မကြာခဏ ဒဏ်ရာ ရရှိနေခဲ့သလို ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာလည်း ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကယ်ဗင် ဖီးလစ်က ၁ရာသီခွဲ ကာလအတွင်းမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၈၀၈မိနစ်သာ ပါဝင် ကစားခွင့် ရထားပြီး မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာကတော့ ကယ်ဗင် ဖီးလစ်ကို ပွဲကစားခွင့် မပေးနိုင်ခဲ့တဲ့ အတွက် အားနာမိကြောင်းနဲ့ သူက ကယ်ဗင် ဖီးလစ်ဟာ မန်ချက်စတာ စီးတီးရဲ့ ကစားကွက်မှာ ပါဝင် ကစားနိုင်မယ်လို့ မထင်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ကယ်ဗင် ဖီးလစ်ကို လာမယ့် ဆောင်းဈေးကွက်မှာ အသင်းပြောင်းခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ကယ်ဗင် ဖီးလစ်ကလည်း အသင်းသစ်ကို ရှာဖွေနေပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကယ်ဗင် ဖီးလစ်ကလည်း ပွဲထွက်ခွင့် ရမယ့် အသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားတာကြောင့် ကယ်ဗင် ဖီးလစ်ကို ငှက်ကျားတပ်ဖွဲ့မှ မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။