မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုနေရာကို ပြန်လည် အစားထိုးဖို့အတွက် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းရဲ့ စပိန်ဘယ်နောက်ခံလူ ဆာဂျီယိုဂိုမက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်(၁၂.၆)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ မန်စီးတီးအသင်းမှာ natural left-back ကစားသမားတွေ တစ်ဦးမှကို ရှိမနေတော့ပဲ ဘင်ဂျမင်မန်ဒီက အမှုကိစ္စ ရင်ဆိုင်နေရဆဲဖြစ်ပြီး ညာခြမ်းခံစစ် ကစားသမား ကန်ဆယ်လိုက ဘယ်ခြမ်းမှာ ကစားပေးနေရသလို နေသန်အကီကပါ left-back နေရာကိုပါ ဖြည့်ကစားပေးနေရပါတယ်။ ဒီလို အခြေအနေမှာ မန်စီးတီးဘက်က ဘရိုက်တန်ရဲ့ စပိန်ဘယ်​​နောက်ခံလူ  ကူကူရယ်လာကို လိုက်ခဲ့ပေမယ့် ချယ်လ်ဆီးက ကြားဖြတ် ခေါ်ယူသွားခဲ့တာကြောင့် မန်စီးတီးက စပိန် ယူ-ယူ၂၁ ဘယ်နောက်ခံကစားသမားလေး ဂိုမက်ဇ်ကိုသာ ပြောင်းလဲပစ်မှတ်ထားခဲ့တာဖြစ်ပြီး အခုတော့ ဒီကစားသမားလေးကို ပေါင်(၁၂.၆)သန်းဆိုတဲ့ သက်သာတဲ့ တန်ကြေးတစ်ရပ်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အသက်(၂၁)နှစ်အရွယ်ရှိ စပိန် လူငယ်ကစားသမားလေး ဂိုမက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီမှာ (၈)နှစ်နီးပါးလောက် ဘောလုံးပညာတွေ လေ့လာသင်ကြားခဲ့ပြီး ဘာစီလိုနာ စီနီယာအသင်းကြီးနဲ့ ကစားခွင့် မရခဲ့လို့ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်မှာလည်း ကစားခွင့် သိပ်မရခဲ့တဲ့ ဂိုမက်ဇ်က စပိန်ကလပ် ဟွယ်ဆကာမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရင်း နှစ်ရာသီ အငှားကစားပြီးနောက်မှာ အန်ဒါလက်ချ်အသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ အရပ်အမောင်းပုပေမယ့် ဘယ်ခြမ်းခံစစ်နေရာမှာရော ကွင်းလယ်တိုက်စစ်နေရာမှာပါ လိုက်ပါကစားတတ်တဲ့ ဂိုမက်ဇ်ဟာ လျင်မြန်ဖြတ်လတ်ပြီး နည်းစနစ်ပိုင်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် သူ့ကို left-back ကစားသမား လိုအပ်နေတဲ့ မန်စီးတီးက အရခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂိုမက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အန်ဒါလက်ချ်အသင်းအတွက် ဂိုး(၅)ဂိုး သွင်းယူနိုင်ခဲ့သလို (၁၁)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။