လီဗာပူးလ်နောက်ခံလူ ကော်နာ ဘရက်ဒလေက သူ့ရဲ့အသင်းဖော်သစ်ဖြစ်သူ ဖလော်ရီယန် ဗက်ဇ်ကို ရင်ဆိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားနေပြီး မြောက်အိုင်ယာလန်အသင်းအနေနဲ့ ဒီည (တနင်္ဂနွေနေ့)မှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျာမနီကို အနိုင်ယူဖို့ ရည်မှန်းနေပါတယ်။ ဘရက်ဒလေက ဗက်ဇ်ကို အလွန်ချီးကျူးပြောဆိုခဲ့ပေမယ့် သူ့ရဲ့ခိုင်မာတဲ့ ခံစစ်ကစားပုံနဲ့ ဂျာမန်ကြယ်ပွင့်အတွက် ခက်ခဲတဲ့ညတစ်ညဖြစ်အောင် ဖန်တီးသွားမယ်လို့လည်း စိန်ခေါ်ပြောကြားလိုက်ပါတယ်။
ဘရက်ဒလေဟာ လီဗာပူးလ်အသင်းမှာ ဗက်ဇ်နဲ့အတူတူ တွဲဖက်ကစားရခြင်း မရှိသေးပါဘူး။ သူဟာ တံကောက်ကြောဒဏ်ရာကနေ ပြီးခဲ့တဲ့လက နယူးကာဆယ်နဲ့ပွဲမှာမှ ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး အဆိုပါပွဲရဲ့ ဒုတိယပိုင်းမှာ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဗက်ဇ်ရဲ့နေရာမှာပဲ လူစားဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံတကာပွဲစဉ်တွေအတွက် အားလပ်ရက်မှာ သူတို့နှစ်ဦးဟာ တစ်ဖက်ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်တွေ့ကြတော့မှာပါ။
Photo Credit : BBC
လီဗာပူးလ်အသင်းဖော်နဲ့ ရင်ဆိုင်ရမယ့်အပေါ် ဘရက်ဒလေက “ဖလော်ရီယန်က ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့အသင်းက သူ့ကို ဒီလောက်ငွေတွေအများကြီးသုံးပြီး ဝယ်လိုက်တဲ့အကြောင်းရင်း ရှိပါတယ်။ သူက လီဗာကူဆင်မှာ အံ့မခန်းနှစ်တွေကို ပိုင်ဆိုင်ခဲ့ပြီး အခု ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါမှာလည်း ရာသီအစကို တကယ်ကောင်းကောင်းစတင်နိုင်ခဲ့တယ်။”
“သူက ဘောလုံးနဲ့ဆို အရမ်းကောင်းတယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိပြီး ဘောလုံးနဲ့အတူ စွန့်စားမှုတွေလုပ်ဖို့လည်း မကြောက်တတ်ဘူး။ သူက ထိပ်တန်းကစားသမားဖြစ်လို့ ကျွန်တော့်အတွက် ခက်ခဲတဲ့ညတစ်ည ဖြစ်လာမှာကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း သူ့အတွက် ခက်ခဲတဲ့ညတစ်ညဖြစ်အောင် ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ သူက စိန်ခေါ်စကားဆိုခဲ့ပါတယ်။
Photo Credit : This is Anfield
ဒီနွေရာသီမှာ လေဗာကူဆင်ကနေ လီဗာပူးလ်အသင်းထံ ပေါင် (၁၁၆)သန်း ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဗက်ဇ်ဟာ နည်းပြ အာနီ စလော့ရဲ့ ပွဲထွက်လူစာရင်းမှာ ပရီးမီးယားလိဂ် ပထမဆုံး (၃)ပွဲစလုံး ပါဝင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာတော့ သူ့ရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် နည်းပြစလော့ကတော့ စိုးရိမ်စရာ ဒဏ်ရာပြဿနာမရှိကြောင်း နောက်ပိုင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲစဉ်များအပြီး လာမယ့် စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။