ဂါဘရီရယ် ဂျေးဇူး၊ ဖက်ဒရီကို ခီယေဆာနဲ့ မားသီးစ် တယ်လ်တို့လို နာမည်ကြီးကစားသမားတွေရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေ ရိုက်ချိုးခံခဲ့ရပြီး ရက်ပိုင်းအကြာမှာပဲ UEFA က အဆိုပါကစားသမားတွေအတွက် မျှော်လင့်ချက်ပြန်လည်ရှင်သန်လာစေမယ့် ချန်ပီယံလိဂ် စည်းမျဉ်းအပြောင်းအလဲကြီးတစ်ခုကို တရားဝင်ကြေညာလိုက်ပါတယ်။

ဒီစည်းမျဉ်းသစ်အရ ကလပ်အသင်းတွေဟာ သူတို့ရဲ့ (၂၅)ဦး လူစာရင်းထဲက ကစားသမားတစ်ဦးဦး ရေရှည်ဒဏ်ရာ သို့မဟုတ် နာမကျန်းမှုတစ်ခုခုဖြစ်သွားခဲ့ပါက ယာယီအစားထိုးကစားသမားတစ်ဦးကို မှတ်ပုံတင်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကလပ်အသင်းတွေ တင်သွင်းခဲ့တဲ့ (၂၅)ဦး လူစာရင်းမှာ အာဆင်နယ်က ဂျေးဇူး လီဗာပူးလ်က ခီယေဆာနဲ့ စပါးအသင်းက တယ်လ်တို့လို နာမည်ကြီးကစားသမားတွေ ကံဆိုးစွာ ချန်လှပ်ခံခဲ့ရပါတယ်။ သူတို့အားလုံးဟာ ပြိုင်ပွဲရဲ့ လိဂ်အဆင့်တစ်ခုလုံးကို လွဲချော်ရတော့မှာဖြစ်ပြီး အစောဆုံးပြန်လည်ပါဝင်ခွင့်ရမယ့်အချိန်က ၂၀၂၆ ခုနှစ်မှာစတင်မယ့် ရှုံးထွက်အဆင့်ရောက်မှသာ ဖြစ်နိုင်မှာပါ။

ဒါပေမဲ့ UEFA ရဲ့ စည်းမျဉ်းအသစ်အရ ကလပ်အသင်းတွေဟာ သူတို့ရဲ့ ကစားသမားတစ်ဦးဦး ရေရှည်အနားယူရဖို့ ရှိလာခဲ့မယ်ဆိုရင် ပွဲစဉ် (၆)မတိုင်ခင်မှာ အရေးပေါ်လူစားထိုးမှုတစ်ခုကို ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားတွေအားလုံးအတွက် မျှော်လင့်ချက်တံခါး ပြန်လည်ပွင့်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Sabah

UEFA က ဒီဆုံးဖြတ်ချက်ဟာ တိုးပွားလာတဲ့ ပွဲပမာဏတွေကြားမှာ တရားမျှတမှုရှိစေဖို့နဲ့ ကစားသမားတွေကို အလုပ်ပိုလုပ်ရခြင်းကနေ ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ကြေညာခဲ့ပါတယ်။ အရင်ကဆိုရင် ဒဏ်ရာရကစားသမားတွေ များပြားလာတဲ့အခါမှာ ကလပ်အသင်းတွေအနေနဲ့ လူမပြည့်တဲ့အသင်းနဲ့သာ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ မနေ့က (ကြာသပတေးနေ့) မှာ အတည်ပြုခဲ့တဲ့ ဒီစည်းမျဉ်းပြင်ဆင်မှုဟာ ပြိုင်ဆိုင်မှုကို ဟန်ချက်ညီစေပြီး မမျှော်လင့်ထားတဲ့ ဒဏ်ရာတွေကြောင့် ကလပ်အသင်းတွေ ခြေစွမ်းကျဆင်းသွားတဲ့အန္တရာယ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

စပါးအသင်းက တယ်လ်ကို ချန်လှပ်ခဲ့တဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပြီး ကစားသမားကိုယ်တိုင်ကလည်း “တကယ်ကို နာကျင်ရပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။ လီဗာပူးလ်မှာ ခီယေဆာကို ချန်လှပ်ခဲ့တာကိုလည်း ပရိသတ်တွေက “ရက်စက်လွန်းတယ်” လို့ ဆိုခဲ့ကြသလို အာဆင်နယ်မှာ ဂျေးဇူးကို ချန်လှပ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကလည်း အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။