မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိုင်နူးဟာ မနေ့ညက အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာပဲ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ချီးကျူးလောက်စရာကောင်းတဲ့ ခြေစွမ်းမျိုးတွေကိုလည်း ပြသသွားခဲ့ပါတယ်။

ဒီလို ခြေစွမ်းပြသနိုင်ခဲ့တဲ့ အကယ်ဒမီထွက် ကစားသမားလေး မိုင်နူးကို ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကပါ ချီးကျူးစကားတွေ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : United in Focus

“သူက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ သူ့အသက်အရွယ်လေးနဲ့ အရည်အသွေးကောင်းတွေ အများအပြားကို ပိုင်ဆိုင်ထားတယ်။ တခြား ကစားသမားတွေ မမြင်နိုင်တဲ့ အရာတွေကိုလည်း သူက ကြိုမြင်နေတက်တယ်။”

“သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေချိန်ဆိုရင် ကစားတာ သက်တောင့်သက်သာပဲ။ ပြီးရင် အမှားအယွင်းလည်း ဘယ်တော့မှ လုပ်လေ့ မရှိပါဘူး။ မနေ့ကလည်း သူက တကယ်ကောင်းလွန်းလှတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ အသေအချာပါပဲ။ အရမ်းကို ကောင်းလွန်းပါတယ်။” လို့ ဖာနန်ဒက်စ်က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

Photo Credit : Sky Sports

အသက် (၁၈)နှစ်အရွယ် အင်္ဂလန် ဆယ်ကျော်သက် ကစားသမားလေး မိုင်နူးဟာ ဒီရာသီရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာကတည်းက ယူနိုက်တက်အတွက် ကစားခွင့် ရရှိရင်း ခြေစွမ်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် ရီးယဲလ်နဲ့ပွဲမှာ ဒဏ်ရာ ရသွားခဲ့လို့ ကာလအတန်ကြာ အနားယူနေခဲ့ရတာပဲ ဖြစ်ပါတယ်။

မိုင်နူးဟာ ဒဏ်ရာကနေ သက်သာပြီးနောက် မနေ့က အဲဗာတန်နဲ့ပွဲမှသာ ပွဲထွက် ကစားသမားခွင့် စတင် ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာပဲ အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့လို့ ယူနိုက်တက် ပရိသတ်တွေ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။