ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ လီဗာပူး ပွဲစဉ်မှာ အိမ်ရှင် ယူနိုက်တက် အတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် လီဗာပူးကို ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၁၈နှစ် အရွယ် ပူပူနွေးနွေး အင်္ဂလန် လက်ရွေးစင် လူငယ်ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ရဲ့ အကြွင်းမဲ့ ယုံကြည်မှုကို ရရှိထားပါတယ်။

Photo Credit: Standard

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ လီဗာပူး ပွဲစဉ်မှာလည်း ကိုဘီ မိုင်နူးက ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး စတဲ့ ဝါရင့် ကစားသမားတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ဦးဆောင်ခွင့် ရခဲ့ပြီး သူက ယူနိုက်တက် အတွက် အရေးပါတဲ့ သွင်းဂိုး ၁ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ်မှာ ယူနိုက်တက်က ပထမပိုင်း တပိုင်းလုံးမှာ ပြိုင်ဘက် လီဗာပူးဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့သလို ပွဲချိန် ၂၃မိနစ်မှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကိုလည်း ခွင့်ပြုပေးခဲ့ရပါတယ်။ ပထမပိုင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ လီဗာပူးကို ယှဉ်ပြိုင် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၀မိနစ်မှာ ဖာနန်ဒက်စ်နဲ့ ပွဲချိန် ၆၇မိနစ်မှာ မိုင်နူးတို့က ယူနိုက်တက် အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Tribuna

၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ယူနိုက်တက်က ပွဲကို ထိန်းကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀ကျော်မှာ ဘစ္စကာရဲ့ မသပ်ရပ်နဲ့ ဖျက်ထုတ်မှု ကနေ ပင်နယ်တီ ခွင့်ပြုပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ဆာလာက အကောင်းဆုံး အဆုံးသတ်ပြခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ သရေ ၁မှတ်စီ ခွဲဝေယူခဲ့ကြရပါတယ်။

အချက်အလက် မှတ်တမ်းတွေအရ ကိုဘီ မိုင်နူးဟာ လီဗာပူးဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၁၈နှစ်နဲ့ ၃၅၄ရက်သာ ရှိသေးတာကြောင့် လီဗာပူးကို ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။