ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ တက်သစ်စ လူငယ် ကွင်းလယ်လူ ကိုဘီ မိုင်နူးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၂-၂ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ သူ့ရဲ့ အင်္ဂလန် ကစားသမား ဘဝ ပထမဦးဆုံး ပွဲထွက်ခွင့်ကို ရခဲ့သလို ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကိုဘီ မိုင်နူးက အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ ဒီကလန်ရိုက်စ် ၊ ဘယ်လင်ဟမ် စတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူ နှစ်ဦးနဲ့ တွဲဖက်ကာ အင်္ဂလန်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရခဲ့ပြီး သူက ဘယ်လင်ဟမ်နဲ့ ဒီကလန်ရိုက်စ်တို့ရဲ့ ကြားထဲမှာ နေရာယူ ကစားခဲ့ပါတယ်။

Photo Credit: Goal

ကိုဘီ မိုင်နူးက ဗဟိုကွင်းလယ်နေရာမှာ ကစားခဲ့ရပေမယ့် အင်္ဂလန်ရဲ့ တိုက်စစ်လမ်းကြောင်းတွေ အတွက် အရေးပါတဲ့ ပေးပို့မှုတွေ လုပ်နိုင်ခဲ့သလို ဘယ်လ်ဂျီယံ ကစားသမားတွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်မှုတွေ လုပ်ပြခဲ့တာကြောင့် အင်္ဂလန်ပရိသတ်တွေရဲ့ သဘောကျ နှစ်ခြိုက်ခြင်းကို ခံခဲ့ရပါတယ်။

အင်္ဂလန် ၂-၂ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ ကိုဘီ မိုင်နူးက ပွဲချိန်ပြည့် မကစားခဲ့ရပဲ ပွဲချိန် ၇၄မိနစ်မှာ အသင်းဖော် မက်ဒီဆန်နဲ့ လူစားလဲခံခဲ့ရပေမယ့် ကစားချိန် ၇၅မိနစ် အတွင်းမှာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ၄၂ကြိမ် လုပ်နိုင်ခဲ့သလို အခွင့်အရေး ၂ကြိမ် ဖန်တီးနိုင်ခဲ့ကာ ပြစ်ဒဏ်ဘော ၃ကြိမ် အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ကိုဘီ မိုင်နူးက အရေးပါတဲ့ နောက်ဆုံးမိနစ် ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အသင်းဖော် ဘယ်လင်ဟမ်အား ကျော်ဖြတ်ကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပြီး ဒီဆုက သူ့ရဲ့ အင်္ဂလန် ကစားသမား ဘဝမှာ ပထမဦးဆုံး ရတဲ့ အကောင်းဆုံး ကစားသမားဆုပဲ ဖြစ်ပါတယ်။

ကိုဘီ မိုင်နူးက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် အတွက် ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တလတာ အကောင်းဆုံးသွင်းဂိုးဆုကိုလည်း သိမ်းပိုက် ရယူထားနိုင်ပါတယ်။