ဆော်ဒီလိဂ်ကလပ် အယ်လ်အာလီအသင်းရဲ့ တောင်ပံကစားသမား ရီယတ် မာရက်ဇ်ဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲက ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ် (၅)ခုထဲမှာ ပါဝင်တယ်ဆိုတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အဆိုကို ပယ်ချလိုက်ပါတယ်။
အယ်လ်အာလီကြယ်ပွင့် မာရက်ဇ်က ပြင်သစ်မီဒီယာ L’Equipe နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အယ်လ်နာဆာရဲ့ ဝါရင့်ကစားသမားကြီး ရော်နယ်လ်ဒိုက “ဆော်ဒီပရိုလိဂ်က ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်” နဲ့ “ပြင်သစ်မှာက ပီအက်စ်ဂျီ တစ်သင်းတည်းပဲရှိတယ်” လို့ မှတ်ချက်ပေးခဲ့တာတွေကို ပြန်လည် တုံ့ပြန်ခဲ့ပြီး သူ့သဘောထားကို ပြောကြားသွားခဲ့ပါတယ်။
Photo Credit : SPORTbible
မန်စီးတီးနဲ့ လက်စတာတို့ရဲ့ ကစားသမားဟောင်း မာရက်ဇ်ကတော့ ပိုပြီး သံတမန်ဆန်တဲ့ အဖြေကို ပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လိဂ်ဂူးဝမ်းနဲ့ လာလီဂါတို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ပြိုင်ပွဲ ၅ ခုအဖြစ် ဆက်ရှိနေသေးတယ်လို့ မာရက်ဇ်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီပရိုလိဂ်ဟာ တိုးတက်လာနေပြီဆိုတဲ့ သူ့ရဲ့ယုံကြည်ချက်ကိုတော့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်က လိဂ်ရဲ့ ကစားသမားစုဆောင်းရေး လှုပ်ရှားမှုအတွင်း ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ တခြားကြယ်ပွင့်တွေကိုလည်း ဆော်ဒီလိဂ်ရဲ့ရှေ့ဆောင်လမ်းပြများအဖြစ် သူက သတ်မှတ်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုရဲ့ ဆော်ဒီလိဂ်က ထိပ်တန်းလိဂ် (၅)ခုထဲ ပါဝင်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို သဘောတူလားလို့ မေးမြန်းတဲ့အခါ မာရက်ဇ်က L’Equipe ကို အခုလို ဖြေကြားခဲ့ပါတယ်။ “မဟုတ်ပါဘူး။ ဥရောပရဲ့ ထိပ်တန်းလိဂ်ငါးခုက အခုထိ ဦးဆောင်နေပါတယ်။ ဒါပေမယ့် ကျွန်တည်တို့လိဂ်ကလည်း သိပ်မနောက်ကျပါဘူး။ လောလောဆယ်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ဖို့ ရည်မှန်းထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့က ရေရှည်အတွက် ကြည့်နေတာပါ။”
Photo Credit : Fennec Football
“ကျွန်တော်တို့လို ဒီလိဂ်ကို ရောက်လာသူတွေက ဒီစွန့်စားခန်းရဲ့ အစပိုင်းမှာ ပါဝင်နေကြတာပါ။ ကျွန်တော်တို့က ဒီလိဂ်ကို ပိုမိုအားကောင်းလာအောင် ကူညီပေးနေကြတာဖြစ်ပါတယ်။ ကျွန်တော်ဒီမှာ ရာသီနှစ်ခုကစားခဲ့တဲ့ အချိန်အတွင်း အသင်းတွေ နည်းပြတွေ နည်းဗျူဟာတွေနဲ့ စီမံခန့်ခွဲမှုတွေမှာ တိုးတက်မှုတွေကို ခံစားမိခဲ့ပါတယ်။ သူတို့က အဲဒီအဆင့်ကို ရောက်ဖို့ ကြိုးစားနေကြပြီး တကယ်လည်း ရောက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့က ကြိုးစားအားထုတ်နေပြီး ဒါကို တကယ်လိုလားနေကြပါတယ်။”
လို့ မာရက်ဇ်က ပြောကြားခဲ့ပါတယ်။
မာရက်ဇ်နဲ့ ရော်နယ်လ်ဒို နှစ်ဦးစလုံးဟာ ၂၀၂၅-၂၆ ရာသီမှာ သူတို့ရဲ့ သက်ဆိုင်ရာကလပ်တွေအတွက် ဆော်ဒီပရိုလိဂ်ရဲ့ စံနှုန်းတွေကို ဆက်လက်မြှင့်တင်ပေးသွားကြပါလိမ့်မယ်။ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ရော်နယ်လ်ဒို ပြောင်းရွှေ့နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပေမဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့ပဲ တစ်နှစ် သက်တမ်းတိုးခဲ့ပါတယ်။