မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြန်လည် ပြသလျက် ရှိနေတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် နောက်ထပ် တစ်ဦးချင်း ဆုတစ်ခုကိုပါ ထပ်မံ သိမ်းပိုက် ရယူနိုင်ခဲ့ပြန်ပါတယ်။

အသက် (၃၀)အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ လက်စတာကနေ မန်ယူနိုက်တက်အသင်းဆီ နောက်ခံကစားသမားတွေထဲ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း(၈၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက်ပိုင်း လက်စတာမှာတုန်းကလို ခြေစွမ်းမျိုးတွေ ပြန်လည် ပြသဖို့ ရုန်းကန်နေရတဲ့ မက်ဂွိုင်းယားဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းပြီး အမှားအယွင်းတွေပါ များလွန်းတာကြောင့် ယူနိုက်တက် ပရိသတ်တွေဆီက လှောင်ပြောင်မှုတွေပါ ရရှိလာခဲ့ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မက်ဂွိုင်းယားဟာ ဒီရာသီမှာတော့ ပွဲကစားခွင့်တွေ ရရှိလာရင်း ခြေစွမ်းကောင်းတွေလည်း ပြန်လည် ပြသနိုင်လို့ အသင်းရဲ့ ခံစစ်မှာ ပုံမှန်နေရာ တစ်နေရာ ပိုင်ဆိုင်လာခဲ့ရပါတယ်။

Photo Credit : The Sun

အခုဆိုရင်တော့ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နိုဝင်ဘာ တစ်လတာအတွက် အကောင်းဆုံး ကစားသမားဆု POTM ဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီဆုဟာ တိုက်စစ်မှူးတွေ နဲ့ ကွင်းလယ်ကစားသမားတွေသာ ပိုင်ဆိုင်ဖို့ အခွင့်အရေး ပိုများတဲ့ ဆုတစ်ခု ဖြစ်ပေမယ့်လည်း ခံစစ်မှူး မက်ဂွိုင်းယားက ဒီကစားသမားတွေကို ကျော်ဖြတ်ပြီး POTM ဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဂွိုင်းယားက ဒီနိုဝင်ဘာလအတွင်းမှာပဲ နောက်ထပ် ဆုတစ်ခုဖြစ်တဲ့ PFA ပရီးမီးယားလိဂ် ပရိသတ်တွေ ရွေးချယ်တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ဒိုကူ အန်တိုနီ စတာလင် ဆူချက် နဲ့ ဝက်ကင်စ်တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့ပြန်ပါတယ်။