ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းဆီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒို ရောက်ရှိလာတဲ့ အတွက် အခုချိန်အထိ မပျော်မရွှင် ဖြစ်နေသေးကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး မက်ဂွိုင်းယားက ၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ နောက်ခံလူ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ၂၀၂၀ ခုနှစ်မှ စတင်ကာ အသင်းခေါင်းဆောင် တာဝန်ကို ရရှိခဲ့ပါတယ်။

Photo Credit: Metro

မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူရင်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းမွန်ဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင်တိုင် ရရှိခဲ့သလို အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာပြီးနောက် သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူး အတွက် စိုးရိမ်လာရပြီး ခြေစွမ်းတွေပါ ကျဆင်းလာခဲ့ပါတယ်။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေနဲ့ ကစားသမားဟောင်း အများစုက မက်ဂွိုင်းယားဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်သလို ပေါ်တူဂီ အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူထားတဲ့ ရိုနယ်ဒိုဆီ အသင်းခေါင်းဆောင် ရာထူးကို လွှဲပေးသင့်တယ်လို့ ယူဆနေကြပြီး မက်ဂွိုင်းယားကတော့ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးအား ဘယ်သူ့ဆီကိုမှ လွှဲပြောင်းပေးလိုစိတ် မရှိသေးပါဘူး။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားနဲ့ အင်္ဂလန် ကစားသမား တချို့က မန်ချက်စတာ ယူနိုက်တက်ဆီ ရိုနယ်ဒို တယောက် ပြောင်းရွှေ့လာတဲ့ အပေါ် မပျော်ရွှင်ကြပဲ မက်ဂွိုင်းယားက ရိုနယ်ဒိုဆီ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးအား လွှဲပြောင်းပေးဖို့လည်း စိတ်ကူးမရှိကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် တိုနေးကလည်း အဆိုပါသတင်းအား အတည်ပြုပေးထားပြီး မက်ဂွိုင်းယားနဲ့ ရိုနယ်ဒိုတို့ ကြားမှာ ဆက်ဆံရေး မကျေလည်မှုတွေပါ ရှိနေကြောင်းလည်း ဆိုထားပါတယ်။