လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေတဲ့ ခံစစ်ကစားသမား ဟယ်ရီမက်ဂွိုင်းယားကို လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက အံ့အားသင့်စဖွယ် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Harry Maguire & number of first team players told they can leave Man Utd

Photo Credit : 90Min

မန်ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ဒီရာသီထဲမှာ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်လက်အောက် ပွဲကစားခွင့်တွေ အနည်းငယ်သာ ရရှိနေရပြီး အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးထားပေမယ့်လည်း ပွဲအများစုမှာ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားတာကြောင့် ဘရူနိုဖာနန်ဒက်စ်ကသာ အသင်းခေါင်းဆောင် တာဝန်ကို ပိုမို ထမ်းဆောင်နေရပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားရဲ့ ခံစစ် အရည်အသွေးတွေကို သဘောမကျတာကြောင့် လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal

ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ မက်ဂွိုင်းယားကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ထဲမှာပဲ ကလပ်အသင်းတချို့က ချဉ်းကပ်ခဲ့သေးပြီး ပီအက်စ်ဂျီအသင်းလည်း ပါဝင်ခဲ့သေးတယ်လို့ The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ အသက်(၃၀)အရွယ် ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား မက်ဂွိုင်းယားဟာ အတွေ့အကြုံရင့် ခံစစ်မှူးတစ်ဦး ဖြစ်ပေမယ့် အမှားတွေ ထလုပ်တတ်တာတွေကြောင့် သူ့ကို နည်းပြတန်ဟက်ဂ်က အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်နေရာပေးဖို့က မလွယ်ကူသလို ခံစစ်မှာကလည်း ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ် အတွဲအဖက်က ပိုပြီး အလုပ်ဖြစ်နေတာကြောင့် မက်ဂွိုင်းယားအတွက် ကစားချိန်နည်းဖို့က အခြေအနေများလာခဲ့ရပါတယ်။

Photo Credit : The Mirror

တကယ်လို့သာ မက်ဂွိုင်းယားကို လာမယ့်နွေမှာ ရောင်းထုတ်ဖို့ စဉ်းစားလာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေနဲ့အပြိုင် ပီအက်စ်ဂျီကပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် ဒီရာသီ ချန်ပီယံလိဂ်ကနေပါ စောစောစီးစီး ထွက်ခွာထားခဲ့ရပြီး ဒီအားနည်းချက်ကို ပြင်ဆင်ဖို့နဲ့ ဆာဂျီယိုရာမို့စ်ကလည်း အသင်းနဲ့ သက်တမ်း ကုန်ဆုံးတော့မယ့်အချိန် သူ့နေရာမှာ အစားထိုးဖို့အတွက် မက်ဂွိုင်းယားကို အလိုရှိလာခဲ့တာပဲ ဖြစ်ပါတယ်။