မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက နည်းပြရူဘင် အမိုရင်ရဲ့ လက်အောက်မှာ အစသစ်တစ်ခုကို စတင်ဖို့ မျှော်လင့်နေပြီး ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ခေတ်ကလို ထိပ်တန်းအသင်းတစ်သင်းအဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ ရည်မှန်းနေကြောင်း ပြောကြားလိုက်ပါတယ်။
မက်ဂွိုင်းယားက ယူနိုက်တက်အသင်းဟာ ဖာဂူဆန် လက်ထက်ကလို ဖိအားတွေကို ပျော်ရွှင်စွာ ခံယူပြီး ကစားနိုင်တဲ့ စိတ်ဓာတ်ကို ပြန်လည်မွေးမြူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ မကြာသေးမီနှစ်တွေအတွင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။
Photo Credit : Manchester United
နည်းပြ အမိုရင်ဟာ ၂၀၂၄-၂၅ ရာသီလယ်မှာ အဲရစ် တန်ဟက်ဂ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့ပေမယ့် အသင်းရဲ့ရလဒ်တွေကို ချက်ချင်းတိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အသင်းပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOS တို့က ဒီနွေရာသီမှာ အဓိကအသင်းအတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ပြီး တိုက်စစ်ပိုင်းကို မားသီးယပ်စ် ကွန်ညာ၊ ဘရိုင်ယန် အမ်ဘူမို၊ ဘင်ဂျမင် ဆက်စ်ကိုတို့နဲ့ အင်အားဖြည့်တင်းခဲ့ပါတယ်။
ရီယို ဖာဒီနန်ရဲ့ ပေါ့ဒ်ကတ်စ်မှာ မက်ဂွိုင်းယားက “ဆာအဲလက်စ် ရှိနေတုန်းက ကျွန်တော်တို့မှာ အကောင်းဆုံးအသင်းကို ပိုင်ဆိုင်ခဲ့ပြီး ဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အကူးအပြောင်းကာလတစ်ခု ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့က အကောင်းဆုံးအသင်း မဟုတ်တော့ပါဘူး။ ဖိအားတွေကို ပျော်ရွှင်စွာ ခံယူပြီး ကစားကွင်းထဲမှာ ကစားနေသလိုမျိုး လွတ်လွတ်လပ်လပ် ကစားနိုင်ရပါမယ်။ ဒါက ပြီးခဲ့တဲ့ (၁၀)နှစ်တာအတွင်း ကျွန်တော်တို့ ရှာမတွေ့ခဲ့တဲ့အရာလို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
နည်းပြ အမိုရင် လက်အောက်က အစသစ်နဲ့ပတ်သက်ပြီး အင်္ဂလန်နောက်ခံလူက “ကစားသမားတွေအားလုံး ကြိုးစားနေကြပြီး အသင်းရဲ့ဝန်းကျင်ကလည်း အရမ်းကောင်းမွန်ပါတယ်။ ကျွန်တော်တို့ အောင်မြင်ချင်တယ်၊ အောင်မြင်ဖို့အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေပါတယ်။ တခါတလေမှာ ကျွန်တော်တို့ခြေစွမ်းက မလုံလောက်ခဲ့ဘူးဆိုတာ သိပါတယ်။ ပရိသတ်တွေကိုလည်း အများကြီး ပြန်မပေးနိုင်ခဲ့ပါဘူး။ အခုချိန်မှာတော့ အသစ်စတင်မှုတစ်ခုလို ခံစားရပြီး ဒီအစက ကောင်းမွန်တဲ့ စတင်မှု တစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်။” လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဒီရာသီဟာ မက်ဂွိုင်းယားအတွက် ယူနိုက်တက်ကစားသမားဘဝ (၇)ရာသီမြောက်ဖြစ်ပြီး ကလပ်အသင်းက သူ့ရဲ့စာချုပ်သက်တမ်းကို တစ်နှစ်ထပ်တိုးဖို့ သဘောတူခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ သူဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၄၆)ပွဲအထိ ကစားပေးထားပြီး ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။