ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူတို့အသင်းဟာ ၆ရက်အတွင်း အဝေးကွင်း ၃ပွဲဆက် ကစားခဲ့ရတဲ့ အတွက် ပွဲပန်းမှုကို ခံစားနေရပြီလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မက်ဂွိုင်းယားရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမှာ မက်ဂွိုင်းယားက လုခ်ရှောနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်နဲ့ပွဲမတိုင်မီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၃ပွဲဆက် ပေးဂိုးမရှိပဲ နိုင်ပွဲတွေ ရခဲ့ပေမယ့် စိန့်ဂျိမ်းပါတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် နယူးကာဆယ်ကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

နယူးကာဆယ်က ပွဲအစ ကနေ မိနစ် ၇၀ကျော် အထိ မန်ချက်စတာ ယူနိုက်တက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲပြီးခါနီးမှသာ နယူးကာဆယ်ဘက်ကို ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့ကာ နယူးကာဆယ် အတွက် တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၅၅မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဂေါ်ဒွန်က သွင်းယူပေးခဲ့တာပါ။

နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူ မက်ဂွိုင်းယားက သူတို့အသင်းဟာ ၆ရက်တာ ကာလအတွင်းမှာ အဝေးကွင်း ၃ပွဲဆက် ကစားခဲ့ရတာကြောင့် ဒီပွဲမှာ ကစားအား ကောင်းကောင်းနဲ့ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရကြောင်း ဝန်ခံလာပါတယ်။

Photo Credit: The Sun

မက်ဂွိုင်းယားက – “ဒီအပတ်က ကျွန်တော်တို့ အတွက် အတော်လေးကို ခက်ခဲတဲ့ ရက်သတ္တပတ်ပါ။ ကျွန်တော်တို့က ၆ရက်အတွင်းမှာ အဝေးကွင်းပွဲ ၃ပွဲဆက် ကစားခဲ့ရပါတယ်။ အရိုးသားဆုံး ပြောရရင် အဝေးကွင်း ၃ပွဲဆက် ကစားခဲ့ရလို့ ကျွန်တော်တို့တွေ ပွဲပန်းနေတာကို ပထမပိုင်းမှာ သိသိသာသာ မြင်ခဲ့ရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပွဲအရှိန်ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရသလို ကစားအားလည်း မရှိခဲ့ပါဘူး။ နယူးကာဆယ်က ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ကစားနေရင်း တိုးတက်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရလဒ်ကောင်း တခု ရဖို့ လုံလောက်တဲ့ အနေအထားမျိုး မရောက်ခဲ့ပါဘူး” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ၆ရက်တာ ကာလအတွင်းမှာ အဲဗာတန် ၊ ဂါလာတာစာရေး ၊ နယူးကာဆယ် စတဲ့ အသင်းတွေကို အဝေးကွင်းတွေမှာ ၃ပွဲဆက် ယှဉ်ပြိုင် ကစားခဲ့ရပြီး အဆိုပါ ၃ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။