ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားက သူဟာ အသေးစားဒဏ်ရာ တခု ရထားပေမယ့် အသင်းအတွက် တိုက်ပွဲဝင်ပေးချင်တာကြောင့် ဒဏ်ရာကြီးနဲ့ ကစားနေခဲ့တာပါလို့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၃ ကိုဗင်ထရီ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက ၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီး ကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် အသင်းခေါင်းဆောင် တာဝန်ကို ရယူခဲ့ရပေမယ့် နည်းပြချုပ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာတော့ အသင်းခေါင်းဆောင်ရာထူးကို အသင်းဖော် ဘရူနိုဆီ လွှဲပေးခဲ့ရပါတယ်။

Photo Credit: Standard

အသင်းခေါင်းဆောင်ရာထူးကို လွှဲပေးခဲ့ရပြီးနောက် ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာ မက်ဂွိုင်းယားက ယူနိုက်တက်မှာသာ ဆက်လက် ရှိနေခဲ့သလို ဒီရာသီမှာလည်း အသင်းရဲ့ ဦးစားပေး ဗဟိုခံစစ်မှူးတွေ ဖြစ်ကြတဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ ဒဏ်ရာအသီးသီး ရနေကြချိန်မှာ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ အသင်းကို ကူညီပေးနေပါတယ်။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကိုဗင်ထရီတို့ ပွဲစဉ်မှာလည်း မက်ဂွိုင်းယားက အသင်းဖော် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို တာဝန်ယူခဲ့ရသလို အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုး ၁ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် ၃-၃ ကိုဗင်ထရီ ပွဲအပြီးမှာတော့ မက်ဂွိုင်းယားက သူဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တပတ်လုံးလုံး လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပေမယ့် အသင်းကို ချစ်တဲ့စိတ်ကြောင့် အခုလိုမျိုး ပွဲချိန်ပြည့် ဝင်ကစားပေးခဲ့တာပါလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်ပြီး ဟယ်ရီ မက်ဂွိုင်းယားက – “ကျွန်တော်က အမြဲတမ်း အသင်းကို နံပါတ်တစ် နေရာမှာပဲ ထားပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ တပတ်လုံးလုံး ဒဏ်ရာကြောင့် လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

မက်ဂွိုင်းယားက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။