မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက အသင်းအတွက် ပြန်လည် ကစားပေးဖို့ အခွင့်အရေးတွေ ရရှိနေတုန်းမှာ အသင်းကို အကောင်းဆုံး ကူညီပေးသွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ခံစစ်မှူး မက်ဂွိုင်းယားဟာ ဒီနေ့ မနက်အစောပိုင်းက ကစားသွားခဲ့တဲ့ ယူနိုက်တက် နဲ့ ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ယူနိုက်တက်အတွက် အရေးပါတဲ့ တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို ခံစစ်မှာလည်း စွမ်းဆောင်ရည်ကောင်း တချို့ပါ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Twitter X

တည်ငြိမ်မှု ကင်းမဲ့ပြီး အမှားအယွင်းတွေ ကျူးလွန်တက်လို့ အသင်းမှာ ပွဲကစားခွင့်တွေ နည်းပါးခဲ့ရတဲ့အပြင် အသင်းကနေ ရောင်းထုတ်ဖို့အထိ စီစဉ်ခံခဲ့ရတဲ့ မက်ဂွိုင်းယားက ယူနိုက်တက်မှာပဲ ဆက်လက် ကျန်ရှိနေခဲ့ပြီး အသင်းအတွင်း ခံစစ် ကစားသမားတွေ ဒဏ်ရာ ရရှိချိန်မှာတော့ အသင်းအတွက် မဖြစ်မနေ ပြန်လည် ကစားပေးလာရပါတော့တယ်။

ဒီလို ကစားပေးခွင့်တွေ ပြန်လည် ရရှိချိန်မှာတော့ မက်ဂွိုင်းယားက ဒီအခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ (၃)ပွဲဆက်တိုက်လုံးမှာ မတူညီတဲ့ စွမ်းဆောင်မှုတွေနဲ့ အသင်းကို အသေအချာ အကျိုးပြုထားခဲ့ပါတယ်။

Photo Credit : Twitter X

“ပြီးခဲ့တဲ့ (၆)လကနေ (၁၂)လတာအတွင်း ကျွန်တော် လုပ်ဆောင်ခဲ့တာတွေကို ကျွန်တော် တကယ် ဂုဏ်ယူ ကျေနပ်မိပါတယ်။ အခုဆိုရင် ကျွန်တော် အခွင့်အရေးတွေလည်း ပြန်ရလာခဲ့ပါပြီ။ ကျွန်တော်က အသင်းကို ကူညီပေးသွားချင်ပြီးတော့ ကျွန်တော်တို့အသင်းကို ရှိသင့်တဲ့ နေရာမှာ ပြန်ရောက်စေဖို့အတွက် ကူညီပေးသွားချင်တယ်။” လို့ မက်ဂွိုင်းယားက ကိုပင်ဟေဂင်နဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ တွမ်မီနေးရဲ့ နောက်ကျ အနိုင်ဂိုးကို ဖန်တီးခဲ့တာ ရှက်ဖီးနဲ့ပွဲမှာ တစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာ နဲ့ အခု ကိုပင်ဟေဂင်နဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာတွေက မက်ဂွိုင်းယားရဲ့ အကောင်းဆုံး ပုံစံကို ပြန်မြင်နေရတာဖြစ်ပြီး လာမယ့် မန်ချက်စတာဒါဘီမှာလည်း ဘယ်လို စွမ်းဆောင်မှုတွေ ပြသသွားနိုင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေရပါတယ်။