ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားက သူဟာ မန်ချက်စတာ စီးတီးရဲ့ အဓိက ဂိုးသွင်းစက် အာလင်း ဟာလန်းရဲ့ ကြီးမားတဲ့ အားနည်းချက် တခုကို သိရှိထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မက်ဂွိုင်းယားရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာလင်း ဟာလန်းရဲ့ မန်ချက်စတာ စီးတီးတို့က အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ဝင်ဘလေကွင်းထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

Photo Credit: Talksports

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ထားသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ကာရာဘောင်းပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ထားတာကြောင့် နှစ်သင်းစလုံးက သူတို့ရဲ့ ဒီရာသီ ဒုတိယမြောက် ဆုဖလား အတွက် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။

လတ်တလော ခြေစွမ်းပိုင်းအရ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက ကာရာဘောင်း ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ထက် ပိုသာနေပေမယ့် ဘာမဆို ဖြစ်သွားနိုင်တဲ့ ဗိုလ်လုပွဲ ဖြစ်တာကြောင့် ဘယ်အသင်းက ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာကို အတပ် ပြောလို့ မရပါဘူး။

Photo Credit: 90 Min

ဒါပေမယ့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက မန်ချက်စတာ စီးတီးဟာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူကာ အက်ဖ်အေချန်ပီယံ ဖြစ်လိမ့်မယ်လို့ သုံးသပ်ထားကြပြီး ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ သူဟာ စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ အားနည်းချက်ကို သိထားကြောင်း ဆိုလာပါတယ်။

မက်ဂွိုင်းယားက – “အာလင်း ဟာလန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးပါ။ ဒါပေမယ့် ဟာလန်းရဲ့ ကစားပုံမှာ အားနည်းချက် ရှိနေပါတယ်။ ကျွန်တော်က အဲ့ဒီ အားနည်းချက်ကို သိထားတဲ့ တဦးထဲသောသူပါ” လို့ ပြောကြားရင်း အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ သူ့ကို ထည့်သွင်း ကစားဖို့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကို သွယ်ဝိုက်ကာ အသိပေးသွားခဲ့တာ ဖြစ်ပါတယ်။