ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဂါဘရီရယ်က သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်မလျှော့သေးပဲ နောက်ဆုံးအချိန် အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလာပါတယ်။

ဂါဘရီရယ်ရဲ့ အာဆင်နယ်က ရာသီအစကနေ အခုချိန် အထိ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို အချိန်အကြာဆုံး သိမ်းပိုက်ထားနိုင်တဲ့ အသင်း ဖြစ်ပေမယ့် ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)မှာ ချန်ပီယံလုဘက် မန်ချက်စတာ စီးတီးကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေး နည်းသွားခဲ့ပါပြီ။

Photo Credit: Goal

ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အပြီးမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ရမှတ် ၂မှတ် အသာစီး ရနေဆဲ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးက ပွဲကျန် ၂ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် အဆိုပါ ၂ပွဲမှာသာ မန်ချက်စတာ စီးတီးက နိုင်ပွဲတွေ ရခဲ့ရင် မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ထက် ရမှတ် ၄မှတ် အထိ အသာစီး ရသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ကျန်ပွဲတွေမှာလည်း အာဆင်နယ်က ဘရိုက်တန် ၊ နယူးကာဆယ် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေနဲ့ ပွဲကျပ်တွေ ကစားရဖို့ ကျန်နေသေးချိန်မှာ မန်ချက်စတာ စီးတီးက ဘရိုက်တန် ၊ ချယ်လ်ဆီး ၂ပွဲထဲသာ ပွဲကျပ် ကစားရဖို့ ကျန်နေသေးတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားပြီလို့ သုံးသပ်နေကြပါတယ်။

Photo Credit: Football 365

ဒါပေမယ့် အာဆင်နယ်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဂါဘရီရယ်ကတော့ သူတို့အသင်းဟာ ချန်ပီယံဆု အတွက် ကြိုးစားနေမှုတွေကို ရပ်တန့်ဦးမှာ မဟုတ်ပဲ နောက်ဆုံးအချိန် အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုလာပါတယ်။

ဂါဘရီရယ်က – “ကျွန်တော်က အာဆင်နယ်ကို ချစ်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အသင်းသားတွေကိုလည်း ချစ်တယ်။ အာဆင်နယ်ဟာ ကျွန်တော့်ရဲ့အိမ်လို့ ခံစားနေရသလို ကျွန်တော်က အာဆင်နယ်နဲ့အတူ ဆုဖလားတွေ ၊ အောင်မြင်မှုတွေ အများကြီးကို ရယူချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကိုလည်း အာဆင်နယ်နဲ့အတူ ဖြည့်ဆည်းချင်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံဆု အတွက် လက်လျှော့ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အာဆင်နယ် ဖြစ်တာကြောင့် နောက်ဆုံးအချိန် အထိ ဆက်လက် တိုက်ပွဲဝင်ပါမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။