ယမန်နေ့မှာမှ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ကြယ်ပွင့် မာဒူအက်ခီကတော့ ချယ်လ်ဆီးဟာ လန်ဒန်မြို့ရဲ့ အကောင်းဆုံးအသင်း ဖြစ်တာကြောင့် ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် ယူ-၂၀ လက်ရွေးစင် တောင်ပံကစားသမား မာဒူအက်ခီက ပီအက်စ်ဗွီကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ချယ်လ်ဆီးနဲ့ ၂၀၃၀ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Standard

မာဒူအက်ခီက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိပြီး လိုအပ်ရင် အထောင်တိုက်စစ်မှူး အဖြစ်ပါ ကစားတတ်သလို သူ့ရဲ့ လျင်မြန်မှုနဲ့ လိမ်ခေါက် ဖြတ်ကျော်မှုတွေကြောင့် နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက မူဒရစ်ခ်ကို ခေါ်ယူပြီးတာတောင် မာဒူအက်ခီကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းခဲ့တာ ဖြစ်ကာ မာဒူအက်ခီကလည်း ချယ်လ်ဆီးလို ထိပ်သီးအသင်းရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ချယ်လ်ဆီး ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ မာဒူအက်ခီက ချယ်လ်ဆီးဟာ လန်ဒန်မြို့ရဲ့ အကောင်းဆုံးအသင်း ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တသင်းလည်း ဖြစ်တာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ခဲ့ဘူးလို့ ဆိုလာပါတယ်။

Photo Credit: Standard

မာဒူအက်ခီက – “ချယ်လ်ဆီးက လန်ဒန်မြို့မှာ အကောင်းဆုံးအသင်းပါ။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးအသင်း တသင်းဆီ ပြောင်းရွှေ့ခွင့် ရခဲ့လို့ ကျေနပ်မိပါတယ်။ အင်္ဂလန်ဆီ ပြန်လာဖို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ဟာ ကျွန်တော့်ရဲ့ အိမ်မက်တခုပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။