စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ ၂-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ နောက်ဆုံးမိနစ်သွင်းဂိုးကို ခွင့်မပြုမှုနဲ့ ပတ်သတ်ပြီး ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် စောဒက တက်မိခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရတဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ သိရှိရပါတယ်။

လက်ရှိ လာလီဂါရဲ့ အဆင့်(၁) ရီးရဲလ်မက်ဒရစ်က လာလီဂါ ပွဲစဉ်(၂၇) အဖြစ် ဗလင်စီယာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ သရေရလဒ် ရရှိဖို့ အတွက် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

Photo Credit: Mirror

ဗလင်စီယာက ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေတာကြောင့် အိမ်ကွင်းပရိသတ်အားနဲ့ ရီးရဲလ်မက်ဒရစ်ဆီ ကနေ ရမှတ် ခွဲဝေ ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ပွဲချိန် ၂၇မိနစ်နဲ့ ၃၀မိနစ်တွေမှာ ဗလင်စီယာရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဒူရိုနဲ့ ယာရမ်ချွတ်တို့က အိမ်ရှင်အတွက် ဦးဆောင်ဂိုး ၂ဂိုးဆက် သွင်းယူပေးခဲ့ပါတယ်။ ၂ဂိုးပြတ် ဦးဆောင်ခံလိုက်ရပြီးနောက် ရီးရဲလ်မက်ဒရစ်က ချေပဂိုးတွေ ပြန်ရဖို့ အစွမ်းကုန် တိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် ၄၅+၅မိနစ်နဲ့ ၇၆မိနစ်တွေမှာ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ် အတွက် ချေပဂိုးတွေကို ပြန်လည် သွင်းပေးခဲ့ပါတယ်။

၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ချိန်မှာ ရီးရဲလ်မက်ဒရစ်က ဂျိုဆီလူ ၊ မိုဒရစ် ၊ ဒီယက်ဇ် စတဲ့ ကစားသမားတွေကို ထည့်သွင်းကာ အနိုင်ဂိုး သွင်းယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က ဒီယက်ဇ်ရဲ့ ပေးပို့မှု ကနေ အဖိုးတန် အနိုင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဂျီးဆပ်ဂေးလ်က ဘယ်လင်ဟမ် တယောက် ဘောလုံးကို မထိခင်မှာ ပွဲပြီးခရာကို မှုတ်ခဲ့တာကြောင့် ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးဟာ အကျုံးမဝင် ဖြစ်ခဲ့ရပါတယ်။

Photo Credit: Goal

ပုံမှန်အားဖြင့် ပွဲရဲ့ နောက်ဆုံးမိနစ်မှာ အသင်း တသင်းက တိုက်စစ်ဆင်နေရင် ဘောလုံး ဘေးထွက်သွားရင် (သို့) ခံစစ်ဆော့နေတဲ့အသင်းက ဘောလုံး ပြန်ရသွားချိန်မှ ပွဲသိမ်းခရာ မှုတ်ရမှာ ဖြစ်ပေမယ့် ကွင်းလယ်ဒိုင် ဂျီးဆပ်ဂေးလ်ကတော့ စည်းမျဉ်းကို မေ့ကာ ဘောလုံးက လေထဲကို ရောက်နေချိန်မှာပဲ ပွဲသိမ်းခရာကို မှုတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ အနိုင်ဂိုးရှင် ဘယ်လင်ဟမ်က “It is Fu-king Goal” (ဒါက ဂိုးကွ) လို့ ဂျီးဆပ်ဂေးလ်ကို ဒေါသတကြီး အော်ပြောခဲ့တာကြောင့် ဂျီးဆပ်ဂေးလ်က ဘယ်လင်ဟမ်ကို အနီကတ် ပြသခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် အာရန်ချာရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ဂျီးဆပ်ဂေးလ်ရဲ့ ဆုံးဖြတ်ချက်ကို အတော်လေး စိတ်ပျက်နေကြသလို ဘယ်လင်ဟမ်ရဲ့ အနီကတ်ပြစ်ဒဏ် အတွက် အယူခံဝင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါတယ်။