ပရီးမီးယားလိဂ် ကလပ်အသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်က သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်ကို ကြည့်ကာ လေ့လာ သင်ယူမှုတွေ လုပ်ခဲ့ရကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်က ယခုနှစ် ရာသီမှာ လက်စတာ စီးတီးရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Goal

မက်ဒီဆန်က ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ကစားသမားတွေ အနက် ဂိုးသွင်းအများဆုံး ကွင်းလယ်လူ အဖြစ် မှတ်တမ်းဝင်ထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က သူ့ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲကို ထည့်သွင်းခဲ့ပါတယ်။

လက်ရှိမှာတော့ မက်ဒီဆန်က အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မက်ဒီဆန်က သူ့ရဲ့ ဂိုးသွင်းနှုန်းတွေ တိုးတက်လာတာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်ကို ကြည့်ကာ လေ့လာ သင်ယူမှုတွေ လုပ်ခဲ့တာကြောင့် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

မက်ဒီဆန်က – “ပြီးခဲ့တဲ့ရာသီတွေတုန်းက ကျွန်တော်ဟာ အင်္ဂလန်အသင်း အတွက် ရွေးချယ်မခံရပါဘူး။ အဲ့ဒီအချိန်မှာ ဖာနန်ဒက်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ အတော်လေးကို တောက်ပနေတာပါ။ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေက မယုံနိုင်စရာကောင်းတဲ့ ပမာဏ တခုမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က အဲ့ဒီအချိန်မှာ သူ့ရဲ့ ကစားပုံကို သေချာလေး စောင့်ကြည့်ပြီး လေ့လာခဲ့ပါတယ်။ သူက ဘယ်လို ဂိုးသွင်းတတ်လဲ။ သူက ဘယ်လိုမျိုး ပြေးလွှား နေရာယူလဲ။ ဒီအချက်တွေကို ကျွန်တော်က လေ့လာ သင်ယူခဲ့ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်က ကျောင်းသား တယောက်လို ပြန်ဖြစ်သွားတာပါ။ အဲ့ဒါကြောင့်ပဲ ကျွန်တော်က အခုလို တိုးတက်လာတယ်လို့ ထင်ပါတယ်။ ကျွန်တော်က ပွဲတိုင်းကို ကြည့်ဖြစ်ပါတယ်။ ပြီးတော့ လူတိုင်းဆီကနေ လေ့လာ သင်ယူဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။