ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက သူဟာ အသင်းနဲ့အတူ နောက်ထပ် စာချုပ်သစ် ထပ်ချုပ်တော့မှာ မဟုတ်ကြောင်း ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေထံ ယနေ့မနက် အစောပိုင်းမှာပဲ တရားဝင် အသိပေးခဲ့ကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့နှစ်ကမှ ပီအက်စ်ဂျီနဲ့ ၂နှစ် + အပို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီမှာ တနှစ် လုပ်ခလစာ ယူရို ၇၂သန်း အပြင် တနှစ် အသင်းမှာ ကစားတိုင်း သစ္စာရှိကြေး ယူရို ၅၀သန်း ရရှိနေပါတယ်။

Photo Credit: Sky Sports

ပီအက်စ်ဂျီက အမ်ဘာပေကို ဆယ်ကျော်သက် ကစားသမား အရွယ်ထဲက မိုနာကို ကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၈၀သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၂၆၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေ တယောက် အသင်းမှာ ပျော်ရွှင်အောင် တတ်နိုင်သလောက် ဖြည့်ဆည်းပေးထားပေမယ့် အမ်ဘာပေကတော့ ပီအက်စ်ဂျီမှာ မပျော်ရွှင်တော့ပဲ ယခု နွေဈေးကွက် (သို့) လာမယ့် နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါပြီ။

Photo Credit: Goal

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’Equipeရဲ့ ဖော်ပြချက်အရ အမ်ဘာပေက ယနေ့မနက် အစောပိုင်းမှာပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်ကာ သူဟာ လက်ရှိ စာချုပ်ထဲမှာ ပါဝင်နေတဲ့ ၁နှစ် သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးကို မယူဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ စိတ်ကူးမရှိတော့ကြောင်း အသိပေးခဲ့တယ်လို့ သိရှိရပါတယ်။

နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း L’Equipeရဲ့ ဖော်ပြချက်ကို ထပ်ဆင့် အတည်ပြုပေးထားပြီး အမ်ဘာပေရဲ့ လုပ်ရပ်ကြောင့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အတော်လေး ဒေါသထွက်နေကြသလို အမ်ဘာပေကသာ စာချုပ်သစ် မချုပ်တာ သေချာရင် လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ လက်လွှတ်ဖို့ထက် ယခု နွေဈေးကွက် အတွင်းမှာပဲ အမ်ဘာပေကို ရောင်းထုတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။