ပြင်သစ် လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းက သူတို့ရဲ့ ကစားသမားဟောင်းကြီး ကာရန် ဘန်ဇီမာကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းကနေ ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အရှိန်အဟုန်မြင့် ကြိုးပမ်းလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မကြာသေးခင်ကမှ အသက် (၃၆)နှစ်ပြည့်မြောက်သွားတဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ဘန်ဇီမာက ပြီးခဲ့တဲ့နွေမှာပဲ ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ပြည့်သွားခဲ့လို့ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Sport.ro

ဘန်ဇီမာက အယ်လ်အစ်တီဟတ်နဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ကနဦးပိုင်းမှာ အဆင်ပြေပြေ ရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘန်ဇီမာဟာ ဆော်ဒီမှာ မပျော်ရွှင်တော့ပဲ ဥရောပ ဘောလုံးနယ်ပယ်ဆီ ပြန်သွားဖို့ကိုသာ တာစူနေခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ဖြစ်နေတဲ့ ဘန်ဇီမာကို အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက်အသင်းတို့က ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့သလို သူ့အသင်းဟောင်း လိုင်ယွန်ကလည်း ဘန်ဇီမာကို ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : Khel Now

ဘန်ဇီမာအနေနဲ့ကလည်း ဆော်ဒီကနေ ထွက်ခွာပြီး ဥရောပဆီကို ပြန်လာချင်ပေမယ့် ဘန်ဇီမာက ဆော်ဒီမှာ လုပ်ခလစာတွေ တနင့်တပိုး ရရှိနေတာဖြစ်လို့ သူ့ကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူမယ်ဆိုရင်တောင်မှ အတော်လေးကို ဈေးမြင့်မားဖွယ် ရှိနေနိုင်ပါတယ်။

ဒါက ချယ်လ်ဆီး အာဆင်နယ် မန်ယူနိုက်တက်တို့အတွက် အခက်အခဲ မရှိနိုင်ပေမယ့် လိုင်ယွန်လို အသင်းမျိုးအတွက်ကတော့ ဈေးအလွန်မြင့်မားတဲ့ package တစ်ခု ဖြစ်လာနိုင်ပြီး လိုင်ယွန်ဘက်ကတော့ ဂစ်အော်ဘန်ကို ရရှိထားတတောင်မှပဲ ဘန်ဇီမာကို ခေါ်ယူနိုင်ဖို့ အသင်းဥက္ကဌကိုယ်တိုင် အသေအချာ ကြိုးပမ်းလို့နေပါတယ်။