ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ ဖြစ်တဲ့ လူတန်တောင်းနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာတော့ တန်းတက်ကလပ် လူတန်တောင်းက အင်အားကြီးကလပ် လီဗာပူးကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားကာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေတမှတ် ခွဲယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ လူတန်တောင်းနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးဟာ အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ အဝေးကွင်းမှာ အနိုင်ရဖို့ ကြိုးစားခဲ့သလို လူတန်တောင်းကလည်း သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထည့်ကာ လီဗာပူးကို အံတု ကစားခဲ့ပါတယ်။

Photo Credit: Daily Star

နှစ်သင်းကြားမှာ ကစားသမား အင်အားချင်း ကွာဟချက် ကြီးမားတာကြောင့် လီဗာပူးက ပွဲစပွဲဆုံး လူတန်တောင်းကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် လူတန်တောင်းက အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်တို့ကြောင့် လီဗာပူးရဲ့ တိုက်စစ်ကို မိနစ် ၉၀ကျော် တောင့်ခံနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးက ဂိုးပေါက် ကန်သွင်းခွင့် ၂၄ကြိမ် အထိ ရခဲ့ပေမယ့် တိုက်စစ်ကို ဦးဆောင် ကစားခဲ့တဲ့ နူနက်ဇ်ရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး လူစားဝင် တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ မဟုတ်ရင် အဝေးကွင်းမှာ အရှုံးရလဒ်နဲ့တောင် ရင်ဆိုင်ခဲ့ရနိုင်ပါတယ်။

လူတန်တောင်း အတွက် အဖွင့်ဂိုးကိုတော့ လူစားဝင် တောင်ပံတိုက်စစ် ကစားသမား တာဟစ်ချောင်က ပွဲချိန် ၈၀မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လူတန်တောင်း ၁-၁ လီဗာပူး ပွဲစဉ်မှာ လူပြောများခဲ့တဲ့ ဖြစ်ရပ်ကတော့ ပွဲချိန် မိနစ် ၇၀ ဝန်းကျင်မှာ လီဗာပူး တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ဂိုးပေါက်နဲ့ ၂ပေလောက်သာ ကွာတဲ့ နေရာမှာ အပိုင် ကန်သွင်းခွင့် တကြိမ် ရခဲ့ပေမယ့် နူနက်ဇ်ဟာ ဘောလုံးကို ဂိုးပေါက်နဲ့ မိတ်မဆက်ပဲ မိုးပေါ်ရောက်အောင် ကန်ခဲ့တဲ့ ဖြစ်ရပ်ပါပဲ။

အဆိုပါဖြစ်ရပ်မှာ ဒါဝင် နူနက်ဇ်က လူကျွံနေခဲ့ပေမယ့် သူ့ရဲ့ အဆုံးသတ်ပိုင်းကတော့ မေးခွန်းထုတ် ဝေဖန်စရာ ဖြစ်ခဲ့သလို လူတန်တောင်းကလည်း သူတို့ရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ “ဒါဝင် နူနက်ဇ်ရဲ့ အံ့မခန်း လွဲချော်မှု” လို့ စာရေးသားကာ နူနက်ဇ်ကို လှောင်ပြောင်ခဲ့ပါတယ်။