ရိုးမားအသင်းရဲ့ တိုက်စစ် ကစားသမား ရိုမယ်လူ လူကာကူက ပြီးခဲ့တဲ့ နွေရာသီတုန်းက သူနဲ့ ပတ်သက်ပြီး ဝေဖန် လှောင်ပြောင်မှုတွေ များစွာ ပြောဆို ရေးသားမှုတွေ ရှိခဲ့ပေမယ့်လည်း သူကတော့ ဘာကိုမှ ပြန်လည် တုံ့ပြန် ပြောဆိုတာတွေ မလုပ်ခဲ့ပဲ အလုပ်နဲ့ သက်သေပြခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ချယ်လ်ဆီးအသင်းကနေ ရိုးမားအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိ ရိုးမားအတွက် ပြိုင်ပွဲစုံ (၈)ပွဲ ကစားထားပြီးချိန် (၇)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

လူကာကူ ရိုးမားအသင်းဆီ မပြောင်းရွှေ့ခင်မှာ အင်တာမီလန် အသင်းဖော်ဟောင်းတွေရဲ့ ဆက်သွယ်မှုအပေါ် လစ်လျူရှုခဲ့တာတွေ ချယ်လ်ဆီးအသင်းထံ ပြန်လည် ပူးပေါင်းဖို့ နောက်ကျနေခဲ့တာတွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရသလို ဘယ်အသင်းမှ မလိုချင်တဲ့ ကစားသမားလို့ပါ သတ်မှတ်ခံခဲ့ရပါသေးတယ်။

ဒါပေမယ့် လူကာကူဆိုတာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေတာနဲ့အညီ အခု ရိုးမားမှာလည်း တောက်လျှောက် ဂိုးမြူးလို့နေပြီး စီးရီးအေမှာ (၅)ဂိုး ယူရိုပါလိဂ်မှာ (၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Punch Newspaper

“ကျွန်တော် ဒီနွေရာသီမှာ လေ့ကျင့်မှုတွေကို အများကြီး လုပ်ဆောင်ခဲ့တယ်။ လူအများအပြားက ကျွန်တော်နဲ့ ပတ်သက်ပြီး ဝေဖန်စကားတွေကို များစွာ ပြောဆိုနေကြပါတယ်။ ကျွန်တော်ကတော့ ဘာမှ ပြန်မပြောနေပါဘူး။ ကိုယ့်တန်ဖိုးက ဘယ်လောက်ရှိတယ်ဆိုတာကို ကွင်းထဲမှာပဲ ကျွန်တော် ပြသခဲ့တယ်။”

“မော်ရင်ဟိုကလား။ မော်ရင်ဟို နဲ့ ကျွန်တော်တို့ရဲ့ကြားမှာတော့ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုလည်း ရှိနေပါတယ်။ သူက ကျွန်တော့်မိသားစုကိုလည်း ကောင်းကောင်းသိနေပါတယ်။ ကျွန်တော် သူ့အပေါ်မှာလည်း ယုံကြည်မှု ရှ်ိပါတယ်။” လို့ လူကာကူက ပြောဆိုလာခဲ့ပါတယ်။