နာပိုလီအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လူ လူကာကူက အသင်းဟောင်း ချယ်ဆီးဆီကို ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့တုန်းက ဆိုးရွားတဲ့ ကာလတွေ ကြုံတွေ့ခဲ့ရပြီး လူငယ်တွေအတွက် သီးသန့် အဝတ်လဲခန်းဆီပါ ပြောင်းခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
လူကာကူဟာ ၂၀၂၁ခုနှစ်တုန်းက အင်တာမီလန်ကနေ ချယ်ဆီးအသင်းဆီကို အဲ့ဒီတုန်းက ချယ်လ်ဆီးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်ခဲ့တဲ့ ပေါင်(၉၈)သန်းနဲ့ အံ့အားသင့်ဖွယ် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် လူကာကူက ပရီးမီးယားလိဂ်မှာ (၂၆)ပွဲသာ ကစားခဲ့ပြီး (၈)ဂိုးပဲ သွင်းယူနိုင်ခဲ့ကာ နောက်ပိုင်းမှာ အင်တာကို ပထမဆုံး အငှားထွက်ခဲ့သလို အဲ့ဒီနောက် ရိုးမားကို အငှားထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာတော့ နာပိုလီကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit : The Sun
အခု ဒီဘယ်လ်ဂျီယံ တိုက်စစ်မှူးက အနောက်လန်ဒန်မှာ ကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးလို ကာလအကြောင်းကို ဖွင့်ဟခဲ့ပြီး လူငယ်ကစားသမားတွေရဲ့ အဝတ်လဲခန်းမှာ ပြောင်းရတယ်လို့ ပြောခဲ့သလို ချယ်ဆီးဘက်က သူ့ရဲ့ ပုံရိပ်ကို မီဒီယာမှာ ညစ်ပတ်အောင် ကြိုးစားခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ လူကာကူက Corriere dello Sport နဲ့ အင်တာဗျူးမှာ “ကျွန်တော် တစ်ယောက်တည်း ချယ်ဆီးမှာ ဒီလို ကြုံခဲ့ရတာ မဟုတ်ဘူး။”
“အော်ဘာမီယန်းနဲ့ ဇီယက်ချ်တို့လည်း အစီအစဉ်ကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ သူတို့က ကျွန်တော်တို့ကို လူငယ်တွေရဲ့ သီးသန့် အဝတ်လဲခန်းမှာ ပြောင်းခိုင်းခဲ့တယ်။ ဒါက စီးပွားရေးပါ။ အသင်းက မင်းကို မလိုချင်တော့ဘူးလို့ ပြောပြီး မင်း ဘယ်မှာ ဆုံးသွားမလဲဆိုတာကိုလည်း မကြာခဏ ပြောပြတယ်။ ဒါပေမယ့် မင်း ထွက်ခွာချင်တယ် အကြောင်းပြချက် အလေးအနက်ရှိရင်တောင် မင်းမှာ ရွေးချယ်ခွင့် မရှိဘူး။ သူတို့က နောက်ဆုံးအချိန်ထိ ဆွဲထားတယ်၊ မင်းကို ပင်ပန်းအောင် လုပ်တယ်။”
Photo Credit : Sky Sports
“အသင်းတွေမှာ မီဒီယာနဲ့ ဆက်ဆံရေး ရှိတယ်။ ကစားသမားတစ်ယောက်ကို ခက်ခဲတဲ့ အနေအထားမှာ ထားဖို့ ဒါမှမဟုတ် မှားယွင်းတဲ့ ပုံရိပ်တစ်ခု ဖန်တီးဖို့ သိပ်မခက်ပါဘူး။ ကျွန်တော့်ကို ယုံပါ၊ ကျွန်တော် ဘယ်တော့မှ မထင်မှတ်ထားတဲ့ အရာတွေ မြင်ခဲ့ရတယ်။ တစ်နေ့နေ့မှာ လူငယ်ကစားသမားတွေကို ဒီအကြောင်းအားလုံးကို ရှင်းပြချင်ပါတယ်။ ဘယ်သူက သူတို့အတွက် တကယ်လုပ်ပေးနေလဲ ဘယ်သူက သူတို့ကို ဆန့်ကျင်နေလဲဆိုတာကို သိစေချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
လူကာကူက နာပိုလီမှာ သူ့ဆရာဟောင်း အန်တိုနီယို ကွန်တီနဲ့ ပြန်လည် လက်တွဲဖြစ်နေပြီး ဒီရာသီ စီးရီးအေမှာ (၉)ဂိုးသွင်း (၇)ဂိုးအထိ ဖန်တီးပေးထားခဲ့သလို အသငး်ကိုလည်း စီးရီးအေ အမှတ်ပေး ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးလို့နေကာ လက်ရှိ နာပိုလီက အမှတ်ပေးဇယားမှာ ထိပ်ဆုံးက အင်တာမီလန်နဲ့ (၁)မှတ်အကွာ အဆင့်(၂)နေရာတွင် ရပ်တည်နေပါတယ်။