ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ခေါ်ချင်တဲ့ နာမည်ကြီးအသင်းတွေ မရှိလို့ အပြောင်းအရွှေ့ ပိတ်ကာနီးမှ ချယ်လ်ဆီး ကနေ ရိုးမားဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ လူကာကူက ရောမမြေမှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနေပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက် ၊ အင်တာမီလန် ၊ ချယ်လ်ဆီး စတဲ့ ထိပ်သီးအသင််််််းတွေမှာ ကစားခဲ့ဖူးသူပါ။

Photo Credit: Football Italia

လူကာကူက ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးကနေ အင်တာမီလန်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး အင်တာမီလန်က လူကာကူကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် လူကာကူက ရာသီမကုန်ခင်မှာတင် အင်တာမီလန်ရဲ့ ပြိုင်ဘက် ဂျူဗင်တပ်ဆီ ပြောင်းဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

လူကာကူက ဂျူဗင်တပ်နဲ့ လျို့ဝှက် ဆက်သွယ်ခဲ့ပေမယ့် သတင်းထောက် တချို့ကြောင့် အဆိုပါကိစ္စကို လူအများသိခဲ့ရပြီး အင်တာမီလန်က အဆိုပါကိစ္စကြောင့် လူကာကူကို မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်သလို တဖက်မှာလည်း ဂျူဗင်တပ်က ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် လူကာကူကို မခေါ်နိုင်ခဲ့ပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ လူကာကူက နွေဈေးကွက် ပိတ်ကာနီးမှာ ဆရာဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရပြီး ရိုးမားမှာတော့ လူကာကူက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။

လူကာကူက ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစား​ပေးခဲ့ရာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို စီးရီးအေပြိုင်ပွဲရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေပြီး ရိုးမားပရိသတ်တွေကတော့ လူကာကူကို ရောမမြို့ရဲ့ တပ်မှူးလို့ နာမည်ပေးကာ ချစ်ပေးနေကြပါတယ်။