ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကနေ အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ဆီ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူကတော့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အင်တာမီလန်ကနေ ချယ်လ်ဆီးဆီ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့စဉ်က သူဟာ ချယ်လ်ဆီးရဲ့ သူရဲကောင်း ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာ​ဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အင်တာမီလန်ကနေ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ဒုတိယမြောက် အကြိမ် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးဆီ ရောက်ရှိချိန်မှာတော့ မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ အင်တာမီလန်ထံ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာသူပါ။

Photo Credit: Mirror

လူကာကူက အင်တာမီလန်ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ကာစမှာ သွင်းဂိုးတွေ တောက်လျှောက် သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ လေးလံတဲ့ ကစားဟန်ကြောင့် ချယ်လ်ဆီးအသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားဖို့ ခက်ခဲလာခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပျောက်ဆုံးခဲ့ရပါတယ်။

လူကာကူရဲ့ ခြေစွမ်းတွေ ဆိုးရွားလာတာနဲ့ တပြိုင်နက် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူ့ကို အရန်ခုံကို ပို့ခဲ့ပြီး လူကာကူကတော့ သူ့အနေနဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာဟာ တူဟယ်လ်ရဲ့ နည်းစနစ်တွေကြောင့်လို့ ယုံကြည်နေခဲ့တာပါ။

Photo Credit: Mirror

ဒါကြောင့်ပဲ လူကာကူက ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ပြီး ချယ်လ်ဆီးကလည်း အသင်းမှာ မပျော်ရွှင်တော့တဲ့ လူကာကူကို အင်တာမီလန်ဆီ တရာသီအငှား ပြန်ချဖို့ သဘောတူခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ လူကာကူက သူဟာ ချယ်လ်ဆီးဆီကို သူရဲကောင်း တဦး အဖြစ် ပြန်သွားချင်ခဲ့ပေမယ့် သူ တွေးထားတဲ့အတိုင်း မဖြစ်လာခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ လူကာကူက – “ကျွန်တော်က ချယ်လ်ဆီးဆီ ပြန်သွားဖို့ အခွင့်အရေး ရခဲ့တဲ့ အချိန်မှာ အသင်းရဲ့ သူရဲကောင်း တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ပြီး လက်ခံခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးဆီ ရောက်သွားချိန်မှာတော့ ထင်ထားသလို မဖြစ်လာခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။