အင်တာ မိုင်ယာမီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာခဲ့ရတဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်က သူ့အသင်းသစ်နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ များစွာကို သိမ်းပိုက် ရယူသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာ အသက်လက်တီကိုတို့ ဥရောပ ထိပ်သီး ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး နေစီယွန်နယ် နဲ့ ဂရီမီယိုတို့လို တောင်အမေရိ ကလပ်အသင်းတွေမှာပါ ပါဝင်ခဲ့ဖူးတဲ့ ဆွာရက်ဇ်ဟာ အခုတော့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Bleacher Report

အသက် (၃၆)နှစ်အရွယ်ရှိ ဝါရင့် ကစားသမားကြီးဟာ သူရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ ၊ ဆာဂျီယို ဘူးစကွက်စ် နဲ့ ယော်ဒီ အယ်လ်ဘာတို့ရှိရာ မိုင်ယာမီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီး (၁)နှစ်+(၁)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

ဆွာရက်ဇ်က “အင်တာ မိုင်ယာမီအသင်းအတွက် ပွဲထွက် ကစားပေးဖို့ကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ဒီလို ကြီးကျယ် ခမ်းနားတဲ့ ကလပ်အသင်းနဲ့ နောက်ထပ် ဆုဖလားတွေ ရယူသွားဖို့နဲ့ အိမ်မက်တွေ လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်ပေးသွားဖို့ ကျွန်တော် အဆင့်သင့် ဖြစ်နေပါပြီ။”

Photo Credit : Vanguard News

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအတိုင်း အောင်မြင်မှုတွေကို အတူတကွ ရယူသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ အခုဆိုရင် ဆွာရက်ဇ်ဟာ မိုင်ယာမီအသင်းရဲ့ တိုက်စစ်မှာ သူ့အသင်းဖော်ဟောင်း မက်ဆီနဲ့ ပြန်လည် တွဲဖက် ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

မိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်းကလည်း ဆွာရက်ဇ်လို အရည်အချင်းမျိုး စိတ်အားထက်သန်မှုမျ်ိုးတွေ အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူလိုက်နိုင်တာက သူတို့အသင်းအတွက် အရမ်း အကျိုးရှိစေခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။