လီဗာပူးလ် ဘာစီလိုနာနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြာင်းအရွှေ့ ဈေးကွက်အတွင်းမှာ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲရဲ့ နာမည်ကျော် အသင်းတစ်သင်းဖြစ်တဲ့ LAဂလက်ဆီအသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

LA Galaxy are plotting a move for Luis Suarez

Photo Credit : The Sun

လက်ရှိမှာ အသက်(၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ အသက်လက်တီကိုနဲ့ လမ်းခွဲပြီးနောက် သူရဲ့ ငယ်ဘဝ ကလပ်အသင်းဖြစ်တဲ့ နေစီယွန်နယ်ကို ပြန်လာကာ ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖွယ် ရှိခဲ့ပေမယ့်လည်း ဆုံးဖြတ်ချက် အပြောင်းအလဲ ဖြစ်လာခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာပဲ တခြား အသင်းတစ်သင်းကို ထပ်မံ ပြောင်းရွှေ့ဖွယ် ရှိလာခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ လာမယ့် ဒီဇင်ဘာလ(၃၁)ရက်နေ့မှာပဲ နေစီယွန်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ကုန်ဆုံးတော့မှာဖြစ်လို့ အဲ့ဒီနောက်ပိုင်းမှာ သူ ပြောင်းရွှေ့လိုတဲ့ ကလပ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Marca

ဘောလုံးအတွေ့အကြုံကောင်းတွေ များစွာပိုင်ဆိုင်ထားတဲ့ ဆွာရက်ဇ်ကို အင်တာမိုင်ယာမီ LAဂလက်ဆီတို့လို မေဂျာလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ ချဉ်းကပ်လာခဲ့သလို ဥရောပမှာ ကျော်ကြားခဲ့တဲ့ ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ဖူးတဲ့ LAဂလက်ဆီကလည်း ဆွာရက်ဇ်ရဲ့အေးဂျင့်နဲ့ပါ ချိတ်ဆက်ခဲ့တယ်လို့ စပိန်သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။ ဂလက်ဆီအသင်းက ဥရုဂွေး ကစားသမားကြီး ဆွာရက်ဇ်အတွက် တစ်နှစ်လုပ်ခ ပေါင်(၆.၁)သန်းအထိ ပေးချေသွားဖို့ ကမ်းလှမ်းထားခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းချက်ကို ဆွာရက်ဇ်ဘက်ကသာ လက်ခံခဲ့မယ်ဆ်ိုရင်တော့ ဆွာရက်ဇ်က LAဂလက်ဆီမှာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂျာဗီယာဟာနန်ဒက်ဇ်ကို ကျော်လွန်ပြီး ကလပ်အသင်းရဲ့ လစာ အမြင့်မားဆုံးသူ ဖြစ်လာမယ့်အပြင် မေဂျာလိဂ် ပြိုင်ပွဲတစ်ခုလုံးမှာလည်း ရှာကွီရဲ့နောက် ဒုတိယမြောက် လစာအမြင့်ဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ လက်ရှိ LAဂလက်ဆီအသင်းမှာ ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ ဟာနန်ဒက်ဇ် ဒေါက်ကလပ်ကော်စတာ ရစ်ကီပွတ်ချ်တို့ ရှိနေပြီး ဆွာရက်ဇ်သာ ရောက်လာခဲ့မယ်ဆိုရင် အသင်းတိုက်စစ်က ပိုမိုအားကောင်းဖွယ် ရှိနိုင်ပါတယ်။